နိရဉ္စရာ၊ မတ် ၂၀/ ၂၀၂၅
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ် ရိုးတောင်အစပ် ကျေးရွာများ အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေသော တိုက်ပွဲများ တစ်နေ့ထက် တစ်နေ့ ကျယ်ပြန့်လာပြီး ဧရာ၀တီတိုင်းအတွင်းမှ ဒေသခံများပါ စစ်ဘေးရှောင်လာကြသည်ဟု သတင်းရရှိသည်။
ဧရာ၀တီဒေသခံ တစ်ဦးက “ တိုက်ပွဲတွေက နေရာအများအပြားမှာ ဆက်တိုက်ဖြစ်လာတယ်။ မနေ့က မတ်လ ၁၉ ရက်နေ့ကလည်း အမြောက်တပ် ၃၄၄ အနီးက ကျားကိုက်ရွာနဲ့ ၂ မိုင်အကွာ တုံးတောကျေးရွာနဲ့ ပန်းတောကြီးကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်”ဟု ပြောသည်။
၎င်းပြင်ယမန်နေ့ ညနေပိုင်းတွင်လည်းလေးမျက်နှာမြို့နယ်၊ကွင်းကြီးကျေးရွာအုပ်စု၊အောင်ဇံကွင်းကျေးရွာနှင့် ကညင်တိုင်းကျေးရွာအနီးကျားအောင်းတောင်ပေါ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု၎င်းဒေသခံက ပြောသည်။
လက်ရှိတွင် အောင်ဇံကွင်း၊ ကွင်းကြီး၊ စက်စက်ယို၊ လဲခုံလေး၊ လဲခုံကြီးနှင့် ချင်းလယ်ရွာများ ရွာသားများလည်း တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည်ဟု သိရသည်။
ငဝန်မြစ်နားကျေးရွာတစ်ခုမှ ဒေသခံ တစ်ဦးက“ ချင်းလယ်ရွာနဲ့စက်စက်ယိုရွာကစစ်ရှောင်တွ ကျန်တော်နေတဲ့ရွာမှာရောက်နေတယ်။ ချင်းလယ်ရွာထဲမှာစစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတယ်သိရပါတယ်။လက်နက်ကြီးလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်သည် စက်တပ်လေထီးများနှင့်ကျေးရွာများအနီးဝန်းကျင်ကို ဗုံးကြဲ တိုက်ခိုက်မှုများ ရှိနေသဖြင့် ကျေးရွာသားများ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။
“ မနေ့ ညတုန်းက မှောင်နေတဲ့အချိန်၇ နာရီ ၃၅ မိနစ်လောက်မှ စက်တပ်လေထီးနဲ့ ဗုံးသုံးလုံး လာချပါတယ်။ လဲခုံလေးနဲ့ လဲခုံကြီးအကြားကျတယ်လို့တော့ရွာသားတွေက ခန့်မှန်းထားကြပါတယ်။ ရွာတွေက လူတွေတော်တော်များက ထွက်ပြေးကုန်ပြီ”ဟု ပြောသည်။
အဆိုပါ ဒေသတွင် ခိုလှုံနေကြသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ စစ်ဘေးရှောင်များမှာ ပို၍ ဒုက္ခရောက်နေကြရသည်ဟု သိရသည်။
“ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်းကျေးရွာနှင့်လဲခုံကြီးကျေးရွာတွေကိုရောက်ရှိနေကြတဲ့ရခိုင်စစ်ရှောင်တွေအခက်ကြုံနေကြရပါတယ်။သူတို့ခိုလှုံနေကြတဲ့ ဒေသတွင်းမှာတိုက်ပွဲတွေဆက်ဖြစ်လာနေတဲ့အတွက်သူတို့က ဒေသခံ မဟုတ်တော့ အခက်အခဲဖြစ်နေကြရတယ်။ ဒေသခံတွေက ဆွေမျိုး သားချင်းတွေ ရှိရာနေရာတွေကို အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသလို ရခိုင်စစ်ရှောင်တွေကဒေသခံမဟုတ်တဲ့အတွက် ထွက်ခွာရှောင်တိမ်းဖို့ အခက်ကြုံနေကြရတယ်လို့ သိရှိရပါတယ်” ဟု ပြောသည်။
ရခိုင်စစ်ဘေးရှောင်များမှာ မိမိဒေသ ရခိုင်သို့ ပြန်လျှင်လည်း စစ်ကောင်စီထံ အဖမ်းခံရပြီး လက်ရှိ ခိုလှုံနေထိုင်ကြသည့် ကျေးရွာများအနီးတွင်လည်း တိုက်ပွဲများထပ်မံ ဖြစ်ပွားလာ၍ ထွက်ပြေး တိမ်းရှောင်ရန် ခက်ခဲ့နေကြသည်ဟု သိရသည်။
စစ်ကောင်စီသည် ငသိုင်းချောင်း- ဂွလမ်းပေါ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းတွင်လည်း စစ်ကူများ ရာနှင့်ချီပြီး ဖြည့်တင်းထားပြီး အများစု စစ်သားများမှာ စစ်မှုထမ်းပြည်သူ့စစ် သင်တန်းဆင်းများ ဖြစ်ကြသည်ဟု သိရသည်။