Preview

အိန္ဒိယအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများရောင်းချနေမှု၊သင်တန်းနှင့် အခြားစစ်ဘက်ဆိုင်ရာပံ့ပိုးမှုများအားလုံးကို ရပ်တန့်ရန် JFM က တောင်းဆို

နိရဉ္စရာ | မတ် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :1812
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ် ၂၀/ ၂၀၂၅

အိန္ဒိယအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများများရောင်းချနေမှု၊သင်တန်းနှင့် အခြားစစ်ဘက်ဆိုင်ရာပံ့ပိုးမှုများအားလုံးကို ရပ်တန့်ရန် JFMက တောင်းဆိုလိုက်သည်။

အိန္ဒိယနိုင်ငံ အနေဖြင့်မြန်မာပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်နေသည့် စစ်အုပ်စုအပေါ် စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးကိုချက်ချင်းပြဌာန်းရန်၊ သင်တန်းနှင့် အခြားစစ်ဘက်ဆိုင်ရာပံ့ပိုးမှုများအားလုံးကို ရပ်တန့်ရန် Justice For Myanmar(JFM) က မတ်လ(၂၀)ရက်တွင် တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်ထံ စစ်လက်နက်များ၊ စက်ပစ္စည်းများနှင့် နည်းပညာများ ပေးအပ်ခြင်းဖြင့် အိန္ဒိယသည် စစ်အုပ်စု၏ မြန်မာပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများတွင် တိုက်ရိုက်ပံ့ပိုးပေးနေပြီး၊ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည်ဟု JFM က မတ်လ(၂၀)ရက်တွင် ထုတ်ပြန်ခဲ့သည့်သတင်းထုတ်ပြန်ချက်တွင်အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဆွီဒင်နိုင်ငံ AP Pension Funds ၏ ကျင့်ဝတ်ဆိုင်ရာကောင်စီသည် မြန်မာစစ်တပ်ထံ စစ်လက်နက် များ ရောင်းချမှုအတွက် အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) အား ရင်းနှီးမြှုပ်နှံမှုစာရင်းမှ ဖယ်ထုတ်ရန် အကြံပြုတိုက်တွန်းထားသည်။

ဆွီဒင်နိုင်ငံ AP Pension Funds ၏ ကျင့်ဝတ်ဆိုင်ရာကောင်စီ၏ ၂၀၂၄ ခုနှစ် နှစ်စဉ်အစီရင်ခံစာအတွင်း အသေးစိတ်ဖော်ပြထားသည့် အဆိုပါ ဆုံးဖြတ်ချက်တွင် BEL ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီနှင့် နောက်ပိုင်း ကာလနှစ်ခုလုံးတွင် စစ်ရေယာဉ်များ အတွက် ရေဒါစနစ်များ၊ လေကြောင်းရန်ကာကွယ်ရေးစစ်လက်နက်အထိုင်စခန်းတစ်ခု၊ ရေဒီယိုစနစ်များနှင့် စက်ပစ္စည်းကိရိယာများကို မြန်မာစစ်တပ်ထံ ရောင်းချပေးခဲ့သည်ဟု ဖော်ပြထားသည်။

Justice For Myanmar သည် မြန်မာစစ်တပ်ထံ BEL ကုမ္ပဏီ၏ စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာ ရောင်းချပေးအပ်မှုများကို ပြီးခဲ့သည့် လေးနှစ်အတွင်း အစီရင်ခံစာများစွာဖြင့် ဖော်ထုတ်ခဲ့သည်။

ယင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ၆ လအတွင်းပင် အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိသော စစ်တပ်က နောက်ဆုံးလက်ဝယ်အသုံးပြုမည့် စက်ပစ္စည်းကိရိယာများလည်း ပါဝင်သည်။

အနီးကပ်ဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် မြန်မာစစ်တပ်အတွက် သုံးဘက်မြင်စောင့်ကြည့် ထောက်လှမ်းရေးရေဒါတစ်ခုအတွက် ထိန်းချုပ်ရေးကိရိယာတစ်စုံကို BEL က လွှဲပြောင်းရောင်းချ ပေးခဲ့ခြင်း အပါအဝင် လတ်တလောအချိန်အထိ လွှဲပြောင်းရောင်းချထားမှုများကို Justice For Myanmar က ရရှိခဲ့သည့် ကုန်တင်ပို့မှုမှတ်တမ်းများအရ သိရသည်။

BEL ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားပြီး၊ ယင်းရုံးခွဲသည် မှတ်ပုံတင်ထားဆဲ ဖြစ်သည်။

BEL ကုမ္ပဏီသည် ၎င်းတို့ရောင်းချပေးနေသည့် စစ်လက်နက်များနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ မြန်မာစစ်တပ်မှ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုနိုင်ကြောင်း ကောင်းစွာသိလျက်နှင့်ပင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရာဇ၀တ်မှုများကို ကုလသမဂ္ဂက အကျယ်တဝင့် မှတ်တမ်းတင်ထားသည်။

BEL ကို ကုမ္ပဏီ၏ အများစုရှယ်ယာရှင်ဖြစ်သည့် အိန္ဒိယအစိုးရက ထိန်းချုပ်ထားသည်။

BEL ကုမ္ပဏီ အနေဖြင့် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများအရ ၎င်းတို့၏ လူ့အခွင့်အရေးတာဝန် ဝတ္တရားများကို လိုက်နာလုပ်ဆောင်ရန် အကြိမ်ကြိမ်ပျက်ကွက်မှုကြောင့် ယင်းကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ဆွီဒင်ပင်စင်ရန်ပုံငွေအပါအဝင် BEL ၏ ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းများကို Justice For Myanmar က တိုက်တွန်းထားသည်။

BEL အနေဖြင့် မြန်မာကဲ့သို့ ပဋိပက္ခဒဏ်ခံစားနေရသောနိုင်ငံများနှင့် စီးပွားရေးလုပ်ဆောင်သည့် အခါမျိုးတွင် နိုင်ငံတကာလူသားစာနာမှုဥပဒေ၏ စံနှုန်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ထိုသို့လိုက်နာရန် ပျက်ကွက်ပါက လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီတို့အနေဖြင့် ရာဇဝတ်မှုနှင့် တရားမမှုဆိုင်ရာ တာဝန်ခံရစေနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်ရနိုင်ကြောင်း ကိုလည်း Justice For Myanmar က သိရှိနားလည်ထားပါသည်။

BEL ၏ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ဆောင်မှုများကြောင့် ၎င်းတို့၏ အစုရှယ်ယာများသည် ဥပဒေရေးရာနှင့် ငွေကြေးဆိုင်ရာ အန္တရာယ်များကိုသာ တိုးပွားစေမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် Nordea Bank သည် BEL ကုမ္ပဏီအား မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့ မှုအတွက် ၎င်းတို့၏ ထုတ်ပယ်စာရင်းတွင် ထည့်သွင်းခဲ့သည်။၂၀၂၃ ခုနှစ်တွင် နော်ဝေအချုပ်အခြာ ဓနရံပုံငွေအဖွဲ့သည် BEL ကုမ္ပဏီအား မြန်မာစစ်တပ်ထံ စစ်လက်နက်ရောင်းချမှုအတွက် ရင်းနှီးမြှပ်နှံစာရင်းမှ ထုတ်ပယ်ခဲ့ပြီး၊ BEL ၏ ထိုလုပ်ရပ်သည် “ဆိုးရွားပြီး၊ စနစ်တကျ ကျူးလွန်သည့် နိုင်ငံတကာလူသားစာနာဥပဒေချိုးဖောက်မှုများ” မြောက်ကြောင်း ထောက်ပြ ပြောဆိုထားသည်။ကျင့်ဝတ်ဆိုင်ရာကောင်စီသည် ဆွီဒင်နိုင်ငံ၏ ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္တ AP ရံပုံငွေအဖွဲ့များ အကြား သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသည့်ကုမ္ပဏီများအား တွန်းအားပေးဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် ဖြစ်သည်။

AP2 ၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ နိုင်ငံခြားရှယ်ယာများဆိုင်ရာထုတ်ပြန်ချက်တွင် အဖွဲ့အနေဖြင့် BEL ကုမ္ပဏီတွင် ဆွီဒင်ခရိုနာ ၃၅၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၃.၈ သန်း) ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားပြီး၊ ထိုရင်းနှီးမြှပ်နှံမှုများ အား ရုပ်သိမ်းလိုက်ပြီး ဖြစ်သော်လည်းကျင့်ဝတ်ဆိုင်ရာကောင်စီ၏ အစိတ်အပိုင်းမဟုတ်သော ဆွီဒင်ရံပုံငွေအဖွဲ့ဖြစ်သော AP7 သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သိရှိထားမှုအရ BEL တွင် ဆွီဒင်ခရိုနာ ၂၈၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၂၈.၇ သန်း) တန်ဖိုးရှိသည့် ရှယ်ယာများကို ဆက်လက်ပိုင်ဆိုင်ထားသည်။

AP7 နှင့် BEL ကုမ္ပဏီ၏ အခြားရင်းနှီးမြှုပ်နှံသူအားလုံးအနေဖြင့် ၎င်းတို့၏ နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် သို့မဟုတ် ၎င်းတို့၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များအပေါ် တာဝန်ယူမှုရှိရန် Justice For Myanmar က တောင်းဆိုပါသည်ဟုဖော်ပြထားသည်။ Source/Justice For Myanmar

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.