လူထက်နိုင်၊ နိရဉ္ဇရာ၊ မတ် ၂၅/၂၀၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး၊ တပ်ကြပ်ကြီးနှင့် စာရေးများအပါအဝင် ရှစ်ဦး သေဆုံးခဲ့ကြောင်း Brave Warroir For Myanmar-BWM က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။
မတ်လ ၂၃ ရက်၊ ည ၉ နာရီခွဲခန့်တွင် နမခဌာနချုပ်အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံးနှင့် Mi 17 ရဟတ်ယာဉ် ရပ်နားကွင်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်ခြင်းကြောင့် နမခ ဌာနချုပ်၏ အုပ်ချုပ်မှုရုံးနှင့် ရဟတ်ယာဉ်ရပ်နား ဂိုဒေါင်မီးလောင်ခဲ့ပြီး အရာရှိတစ်ဦး၊ တပ်ကြပ်ကြီး စာရေးများအပါအဝင် အခြားအဆင့်စစ်သည် ရှစ်ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အမှတ် ၈၁ ဆက်သွယ်ရေးအလုပ်ရုံအတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းများလည်း မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ)နှင့် Democratic Rangers အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - Brave Warriors for Myanmar
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။