(မကျည်းကုန်းရွာတွင် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့)
သဉ္ဇာနွယ်- နိရဉ္စရာ၊ မတ် ၂၅/၂၀၂၅
ရေကြည်မြို့နယ်၊သရက်ပင်ကြီးစုကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ဂွမြို့နယ်မှ ဒေသခံများနှင့်ကျေးရွာဒေသခံ ၅၀ ခန့်ကို ယနေ့ မတ် ၂၅ ရက်နေ့က AAမှ တိုက်ပွဲကြားမှအသက်စွန့်ကယ်ထုတ်နိုင်ခဲ့သည်ဟု AAနှင့်နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
" တိုက်ပွဲတွေကလည်း လေးမျက်နှာနဲ့ရေကြည်မြို့နယ်အစပ်ကြားက ရွာတွေမှာပြင်းနေတယ်။ဒီလို တိုက်ပွဲပြင်းနေတဲ့ကြားက ပိတ်မိနေတဲ့ ဒေသခံတချို့ကို အသက်စွန့်ပြီးကယ်ထုတ်နိုင်ခဲ့တယ်။ ဂွကစစ်ရှောင်နဲ့ဒေသခံဗမာလူမျိုးတွေလည်းပါတယ်" ဟု ပြောသည်။
အဆိုပါလေးမျက်နှာနှင့်ရေကြည်အစပ်ရှိ ကျေးရွာများအနီးတွင် တိုက်ပွဲများလည်းပြင်းထန်ပြီးစစ်ကောင်စီ၏ ရေကြည်အမြောက်တပ်( ၃၄၄)မှ လက်နက်ပစ်ခတ်မှုကြောင့်မကျည်းကုန်းရွာမှ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဧရာဝတီ ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
" လေယာဉ်နဲ့လည်းဗုံးကြဲတယ်။တိုက်ပွဲကလည်းပြင်း၊ အမြောက်တပ်ကလည်းပစ်။ အခုသေဆုံးဒဏ်ရာရတာက အမြောက်တပ်ကပစ်လို့ဖြစ်တာပါ" ဟု ပြောသည်။
လက်ရှိတိုက်ပွဲမှာလေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ဝက်ကုန်း၊တုန်း တော၊ ကညင်တိုင်း၊ငါဘတ်စိန်၊ရေကြည်မြို့နယ်နဂါးရစ်ဘုန်းကြီးကျောင်း၊ပန်းပုကွင်းရွာဟောင်း၊ရွာသစ်အနီးအနားဝန်းကျင်၊ ငါးဘတ်စိန်ကျေးရွာ စသည့်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်နေကြောင်းသိရသည်။
အဆိုပါကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲကြောင့် အသက်လုထွက်ပြေးနေကြရပြီး တချို့မှာ တိုက်ပွဲတွင် ပိတ်မိနေကြောင်းသိရသည်။
မတ် ၂၄ ရက်နေ့ နံနက်ပိုင်းကည်း ပုသိမ်- မုံရွာ လမ်းဘေးရှိ ဝတ်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အမှတ် (၃၄၄) အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များသည် ငသိုင်းချောင်းမြို့အနီးရှိ ကျေးရွာများကို တစ်ရွာပြီး တစ်ရွာ သိမ်းပိုက်လာပြီး ချင်းလည်ရွာအပါအဝင် အနီးအနားက ကျေးရွာများကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်ဟု သိရသည်။
ကျားကိုက်နှင့် ကွင်းကောက်ကြားတွင် တည်ရှိသည့် အောင်စံကွင်း၊ ချောပြာ၊ မှန်တန်းရွာမှ လူငယ်အများအပြားလည်း အာရက္ခတပ်တော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ထဲကို ဝင်ရောက်သွားကြသည်ဟု ဒေသတွင်းက စစ်ရေးရင်းမြစ်တစ်ခုက ပြောသည်။