Preview

နတ်ရေကန်တိုက်ပွဲတွင် စစ်ကောင်စီ၏အသေခံဒရုန်း နှစ်စင်းကို AA ပစ်ချနိုင်ခဲ့

သဉ္ဇာနွယ် | မတ် ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :1551
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၂၆/၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့အပိုင် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာစခန်းတိုက်ပွဲကို ပစ်ကူရန်လာသည့် စစ်ကောင်စီ၏ အသေခံဒရုန်းနှစ်စင်းအား အာရက္ခတပ်တော်(AA)က ပစ်ချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မတ်လ ၂၅ ရက်တွင် AA က ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"နတ်ရေကန်ဗျူဟာစခန်းကို အသေခံဒရုန်းတွေရော၊ စက်တပ်လေယာဉ်ရော၊ ရဟတ်ယာဉ်နဲ့ရော ဗုံးကြဲတိုက်ခိုက်မှုတွေ အမြဲတမ်းရှိတယ်။ မနေ့ကတော့ အသေခံဒရုန်း နှစ်စင်းကို AA က ပစ်တာ ထိသွားလို့ ပျက်ကျသွားတယ်"ဟု ပြောသည်။

blob
ဓာတ်ပုံ - စစ်ကောင်စီ၏အသေခံဒရုန်းတစ်စင်းအား AA က ပစ်ချနေသည်ကို တွေ့ရစဉ်။ (ပုံဟောင်း)
ယင်းအပြင် နတ်ရေကန်တိုက်ပွဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ စစ်ကြောင်းများထံမှ ဒရုန်းနှင့်လက်နက်ခဲယမ်းတချို့ကို AA က တိုက်ခိုက်သိမ်းဆည်းရမိထားကြောင်း မြေပြင်စစ်ရေးအခြေအနေကို သိရှိသူ တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ကြောင်းတက်တယ်။ နတ်ရေကန်ကိုမရောက်ဘူး။ ကြားထဲမှာ အတိုက်ခံရတာတွေရှိတယ်လေ။ အဲဒီမှာ ပြိုကွဲစစ်ကြောင်းတွေ၊ ဒဏ်ရာရသူတွေတချို့ကို ဖမ်းမိတာတွေ။ တချို့က အထုပ်တွေကျန်ခဲ့တာတွေ ရှိတယ်လေ။ သူတို့ရဲ့ကျောပိုးအိတ်ထဲမှာ ဒရုန်းတွေကိုဖျက်ပြီးထည့်လာတာရှိတယ်။ အဲဒါတွေကို AA က သိမ်းလို့ရထားတာ"ဟု ပြောသည်။

နတ်ရေကန်တောင်ပေါ်စခန်းတွင် နေ့စဉ်တိုက်ပွဲရှိနေပြီး စစ်ကောင်စီဖက်မှ စက်တပ်လေထီး၊ ဒရုန်း၊ ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ တိုက်ပွဲဖြစ်နေသည့် နတ်ရေကန်နှင့် ဂုတ်ကြီးအနီးအနားတဝိုက်ကို လေကြောင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာစခန်းကုန်းကို AA က ပြီးခဲ့သည့် ဖေဖော်ဝါရီအစပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါနတ်ရေကန်စခန်းကုန်းသည် AA နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို စစ်ကောင်စီ၏ မကွေးတိုင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံသို့ မရောက်ရှိနိုင်အောင် ကာကွယ်နေသည့်စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

မတ်လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏အသေခံဒရုန်းတစ်စင်းအား AA က ပစ်ချနေသည်ကို တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.