Preview

ထိုင်း-မြန်မာနယ်စပ်ရှိ ၃၆ နှစ်ကြာ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်စခန်းကို KNU သိမ်းပိုက်

လူထက်နိုင် | မတ် ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :726
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ မတ် ၂၆/၂၀၅

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၃၆ နှစ်ကြာ ဝင်ရောက်ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်းအား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ ထုတ်ပြန်သည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နှင့် တပ်ရင်း (၂၄)တို့က မတ်လ ၂၅ ရက်တွင် ပူးပေါင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ မတ်လ ၂၆ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါစခန်းအား တော်လှန်ရေးတပ်ဖွဲ့ဝင်များက မတ်လ ၂၂ ရက်နေ့မှ စတင်ကာ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှလည်း မတ်လ ၂၄ ရက်နေ့တွင် ဂျက်ဖိုက်တာနှစ်စင်းဖြင့် ပေါင် (၅၀၀) ဗုံး လေးလုံး၊ Y-12 ဖြင့် ဗုံး (၃၆) လုံးခန့် ပြန်လည်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၂၅ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများသည် ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့၏ လက်နက်ခဲယမ်းများအားမီးရှို့ဖျက်ဆီးကာ စခန်းအားစွန့်ခွာ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

blob
ဓာတ်ပုံ − ခလယ်ဒေးစစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ။ (Photo - KNU)

အဆိုပါတပ်စခန်းသည် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေးဆိုသည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စခန်းတစ်ခုဖြစ်သည်။

ယင်းစခန်းစတင်တည်ဆောက်သည့်အချိန်မှစပြီး ဒေသခံပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာနေထိုင်လုပ်ကိုင်စားသောက်ခွင့် ကန့်သတ်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေသခံ ပြည်သူလူထုများ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ပြည်သူလူထု၏ လိုလားချက်နှင့်အညီ K.N.L.A က အဆိုပါတပ်စခန်းအား သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ခလယ်ဒေးစခန်းအား ရှင်းလင်းစဉ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရပြီး လက်နက်မျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဖားအံခရိုင် ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကိုလည်း KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက မတ်လ ၁၄ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီဟု KNU က မတ် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ − ခလယ်ဒေးစစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ။ (Photo - KNU)

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.