မောင်စာဂ၊ နိရဉ္စရာ၊ မတ် ၂၆/၂ဝ၂၅
လာမည့်ရွေးကောက်ပွဲကို နှစ်လအတွင်း လေးပိုင်းခွဲပြီး ကျင်းပသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ယမန်နေ့ မတ်လ ၂၅ ရက်က နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော စစ်ကောင်စီအစည်းအဝေး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ယနေ့ မတ်လ ၂၆ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် လေးပိုင်းခွဲကျင်းပသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
“ရွေးကောက်ပွဲဥပဒေမှာ ရွေးကောက်ပွဲကို ဖြစ်နိုင်သရွေ့တစ်နေ့တည်း ကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်မှာ ပြုလုပ်ရန်၊ ကြိုတင်ကြေညာရန် ပြဋ္ဌာန်းပါရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့်အသတ်ပြုလုပ်ထားတာမရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ယခုကဲ့သို့ လေးပိုင်းခွဲ၍ ကျင်းပရန်စီစဉ်ရခြင်းဖြစ်ပြီး ယခုကဲ့သို့ အပိုင်းခွဲပြီးကျင်းပခြင်းသည် ဥပဒေနှင့်ညီညွတ်သည်ဟုလည်း ဆိုသည်။
ယခုကဲ့သို့ ရွေးကောက်ပွဲကို အပိုင်းလေးပိုင်းခွဲပြီး ကျင်းပမည့်အပေါ် ရခိုင့်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “ရွေးကောက်ပွဲကို ဒီလို အချိန်အများကြီး ယူပြီးလုပ်ရင် ဒီရွေးကောက်ပွဲဟာ ပထမအသုတ်မှာလုပ်တဲ့ရွေးကောက်ပွဲရလဒ် အရှုံးအနိုင်ဟာ နောက်အသုတ်မှာလုပ်တဲ့ရွေးကောက်ပွဲတွေကို သွားပြီး ဂယက်ရိုက်တတ်ပါတယ်။ ပထမလုပ်တဲ့ရွေးကောက်ပွဲအောင်မြင်မှုတိကို ကြည့်ပြီး နောက်မဲဆန္ဒနယ်မှာလည်း အဲဒီအကျိုးသက်ရောက်မှုတွေရှိတတ်ပါတယ်။ ဒါကြောင့် အများအားဖြင့်တော့ တစ်ရက်လုပ်တယ်။ အချိန်အများကြီးမယူကြဘူး”ဟု သုံးသပ်ပြောဆိုသည်။
ယခုလို ရွေးကောက်ပွဲကို လေးပိုင်းခွဲပြီး ကျင်းပခြင်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။
ယခင် ၁၉၅၁ ခုနှစ်၊ ပါလီမန်ဒီမိုကရေစီခေတ် အထွေထွေရွေးကောက်ပွဲကိုလည်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် သုံးပိုင်းခွဲပြီး ကျင်းပခဲ့ဖူးသည်ဟု သိရသည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲကို ယခင်ကရွေးကောက်ပွဲများတွင်ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ယူစနစ် (First Past The Post - FPTP)အပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation-PR)ကိုပါ ပေါင်းစပ် ကျင့်သုံးသွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ဦးဖေသန်းက “သူတို့ကလည်း ရွေးကောက်ပွဲတစ်ခု အမြင်အရဖြစ်ဖို့လိုတဲ့အတွက် အမျိုးမျိုးစဉ်းစားပြီးတော့ အချိန်ကိုဆွဲလိုက်၊ PR စနစ်သုံးဖို့ပြောလိုက်၊ အဲလို ကွက်ကျား၊ ကွက်ကျားလုပ်သွားမယ်။ ရွေးကောက်ပွဲဆိုရင် ပြီးပြီဆိုတဲ့ပုံစံမျိုးရှိပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကတော့ ကောင်းကျိုးထက် ဆိုးကျိုးတွေရှိလာနိုင်တဲ့ရွေးကောက်ပွဲ၊ နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲအပေါ်မှာ ရှုံ့ချပြစ်တင်ဖို့ဖြစ်လာနိုင်တယ်။ ပွင့်လင်းမြင်သာမှုလည်းမရှိဘဲ အန္တရာယ်လည်းများတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်ပါတယ်”ဟု ဆက်ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ရန် မလွယ်ကူသည့်စနစ်ဖြစ်သော လျှပ်စစ်ဖြင့် မဲပေးသည့်စနစ် (Electronic Voting Machine)ဖြင့် ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီများအနက် ၅၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏အပြောအရဆိုလျှင် ရွေးကောက်ပွဲကျင်းပရန်မှာ ကိုးလခန့်သာလိုတော့ကြောင်း သိရသည်။
၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့်ပတ်သက်ပြီး အလွန်ကြီးမားသည့် စိန်ခေါ်မှုများရှိလာမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။
ဓာတ်ပုံ - မတ်လ ၂၅ ရက်တွင်ကျင်းပခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (Photo – Cincds)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။