Preview

၁ဝ၂၇ စစ်ဆင်ရေးတွင် ကျဆုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များကို MNDAA က သူရဲကောင်းဘွဲ့ချီးမြှင့်

မောင်စာဂ | ဧပြီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :509
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၈/၂ဝ၂၅

၁ဝ၂၇ စစ်ဆင်ရေးတွင် ကျဆုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က သူရဲကောင်းဘွဲ့ ချီးမြှင့်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၇ ရက်တွင် ရန်လုံကျေးရွာရှိ တော်လှန်ရေးသူရဲကောင်းများဂူဗိမာန်၌ အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု MNDAA ၏ ပြန်ကြားရေးဌာနဖြစ်သော ကိုးကန့်သတင်းဌာနက ယမန်နေ့က ဖော်ပြသည်။

အဆိုပါအခမ်းအနားကို အထူးဒေသ ၁ နှင့် ကိုးကန့်တိုင်းရင်းသားများ၏ ဒီမိုကရေစီတော်လှန်ရေးတွင် ရဲရဲဝံ့ဝံ့အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းများ၏ ထူးချွန်သည့်လုပ်ဆောင်ချက်များကို နက်နက်ရှိုင်းရှိုင်း အောက်မေ့သတိရရန်နှင့် သူတို့၏ဝိညာဉ်များကိုဂုဏ်ပြုရန် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

blob

အခမ်းအနားသို့ တက်ရောက်လာသူများသည် သူရဲကောင်း ဂူဗိမာန်များတွင် အမွှေးတိုင်များထွန်းညှိခြင်း၊ စက္ကူပိုက်ဆံများ မီးရှို့ပြီး ပူဇော်ဖွယ်ရာများတင်လှူခြင်းနှင့် ဂူဗိမာန်များကို သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားတွင် ကိုးကန့်စစ်ဦးစီးချုပ် ဦးဖုန်တာရွှင်လည်း တက်ရောက်ပြီး အမှာစကားပြောကြားသွားခဲ့သည်။

“MNDAA ရဲ့ အရာရှိတွေ၊ စစ်သည်အားလုံးနဲ့ အထူးဒေသက ပြည်သူတွေဟာ ဝမ်းနည်းတာကို အားအင်အဖြစ်ပြောင်းလဲ၊ တိုင်းရင်းသား စိတ်ဓာတ်ကို မြှင့်တင်ပြီး သူရဲကောင်းတွေရဲ့ ရည်မှန်းချက်တွေကို ဆက်လက် အကောင်အထည်ဖော်မှာဖြစ်သလို အထူးဒေသရဲ့ငြိမ်းချမ်းသာယာဝပြောရေးနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးရဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားမယ်”ဟု ပြောဆိုခဲ့သည်။

blob

အခမ်းအနားကို MNDAA စစ်ဦးစီးချုပ်ဦးဖုန်တာရွှင်အပါအဝင် MNDAA ထိပ်ပိုင်းခေါင်းဆောင်များ၊ စစ်တပ်တာဝန်ရှိသူများ၊ ကျဆုံးသွားခဲ့ရသည့်ရဲဘော်များ၏ မိသားစုဝင်များ၊ မဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်များ၊ အထူးဒေသ အမျိုးသမီးရေးရာ အဖွဲ့ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ပြည်သူလူထု နှစ်ထောင်ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

MNDAA သည် ၁ဝ၂၇ စစ်ဆင်ရေးကို အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် နွေဦးတော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီလက်လွှတ်ခဲ့ရသည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်းမှ MNDAA တပ်ဖွဲ့ဝင်များသည် တရုတ်၏ကြားဝင်ညှိနှိုင်းမှုဖြင့် ဧပြီ ၂ဝ ရက်နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန်ရှိနေသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ကိုးကန့်မီဒီယာ

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.