သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၅
စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားသည်ဟုထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်၊ အမ်းနှင့် မကွေးတိုင်းကြားရှိ စစ်ကောင်စီစခန်းနှင့် ဂိတ်များတွင် အင်အားထပ်ဖြည့်နေကြောင်း သတင်းရရှိသည်။
အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်တောင်အောက်စခန်းဂုတ်ကြီးရွာအပါအဝင် ပဒါန်းမြို့ရှိ ပျဉ်းဝစစ်ဆေးရေးဂိတ်၊ ဇမြွန်းဘုရားတောင်၊ ပဒါန်း-မင်းဘူးလမ်းရှိ နတ်ရေကန်ဆီဆိုင်ဂိတ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ(၁၄)တို့တွင် တပ်မ(၉၉)ဦးဆောင်ပြီး နေရာယူအင်အားထပ်မံဖြည့်တင်းနေခြင်းဖြစ်သည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"AA က အပစ်ခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ပြီးတဲ့နောက်နေ့ စစ်ကောင်စီဖက်က အင်အားဖြည့်တာတွေ ထပ်လုပ်လာတယ်။ အခုပြောတဲ့နေရာတွေမှာ ထပ်ဖြည့်တယ်။ ဒီစခန်းဂိတ်တွေနဲ့ စခန်းတွေအားလုံးကို တပ်မ (၉၉)က ဦးဆောင်တယ်" ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ကလည်း ပဒါန်းမြို့ရှိ ကပစ (၁၄)ကို မကွေးဖက်မှ စစ်ကား ၁၀ စီးခန့် အင်အားဖြည့်ပြီး ယင်းမှတဆင့် နတ်ရေကန်စခန်းရှိသည့် ရိုးပေါ်သို့ အင်အား ရာနှင့်ချီ စစ်ကြောင်းထိုးချီတက်ကာ နတ်ရေကန်အနီးအနားတွင် လှုပ်ရှားနေကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)ဘက်မှ အပစ်ခတ်ရပ်စဲပြီးနောက် နတ်ရေကန်တိုက်ပွဲရပ်တန့်နေသော်လည်း စစ်ကောင်စီဖက်က RPG၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နတ်ရေကန်တိုက်ပွဲအနီးသို့ နေ့စဉ်ပစ်ခတ်နေသည့်အတွက် AA ကလည်း ပြန်လည်ခုခံရန် ပြင်ဆင်ထားကြောင်း မြေပြင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"သူတို့ဖက်ကစလာရင်တော့ AA ဖက်ကပြန်ပစ်ဖို့ အဆင်သင့်လုပ်ထားပြီးသား" ဟုပြောသည်။
AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့က ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးများ အရှိန်မြှင့်ဆောင်ရွက်နိုင်စေရန်အတွက် ယာယီအပစ်အခတ်ရပ်စဲထားသည်ဟု ယခုလအစောပိုင်းက အသီးသီးထုတ်ပြန်ကြေညာထားကြသည်။
သို့သော် အပစ်ရပ်ကာလတွင် စစ်ကောင်စီက ယခင်ထက် စစ်ရေးလှုပ်ရှားမှုများရှိလာပြီး စစ်စခန်းများတွင် အင်အားဖြည့်တင်းခြင်း၊ တပ်စခန်းအနီးဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် လူနေကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ အဆက်မပြတ်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။