လူထက်နိုင်၊ နိရဉ္ဇရာ၊ ဧပြီ ၈/၂၀၂၅
အမေရိကန်ဆေးပညာရှင်အဖွဲ့တစ်ခုဖြစ်သည့် Samaritan’s Purse အဖွဲ့သည် နေပြည်တော်တွင် အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ဆေးကုသမှုစတင်နေပြီဖြစ်ကြောင်း ဧပြီ ၈ ရက်နှင့် ၇ ရက်နေ့များတွင် တရားဝင်ထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံမှ ဆရာဝန်၊ သူနာပြုများ ကျွမ်းကျင်ပညာရှင်များပါဝင်သည့်အဆိုပါအဖွဲ့သည် နေပြည်တော်ရှိ ယာယီဆေးကုသရေးဌာနတွင် ခွဲစိတ်မှုများကိုပါ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်ုပ်တို့၏ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် မတ်လ ၂၈ ရက် ငလျင်နှင့် နောက်ဆက်တွဲငလျင်ကြောင့် သေဆုံးသူများအတွက် အသက်ကယ်ခွဲစိတ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
များမကြာမီ တစ်ရက်လျှင် လူနာ ၂၀၀ အထိ ကုသပေးနိုင်မည့် အရေးပေါ် ကွင်းဆင်းဆေးရုံကို ပြီးမြောက်ရန် မမောမပန်း လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။
ထိုဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင်(ICU)၊ အရေးပေါ်ခန်း၊ ဆေးဆိုင်၊ ဓာတ်ခွဲခန်းနှင့် ခွဲစိတ်မှု ဒါဇင်ပေါင်းများစွာကို နေ့စဉ် ကိုင်တွယ်နိုင်သည့် ခွဲစိတ်ခန်းနှစ်ရုံတို့ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ကျွန်ုပ်တို့ရောက်သောအခါတွင် လူပေါင်း ၁၀၀ နီးပါး အရိုးကျိုးနေသော အများအပြားသည် ခွဲစိတ်မှုပြုလုပ်ရန် စောင့်ဆိုင်းနေကြပြီဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါအဖွဲ့သည် မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရက်ပိုင်းအကြာတွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာကြခြင်းဖြစ်သည်။
ဓာတ်ပုံ- Samaritan’s Purse
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။