ခိုင်လူလှ (ရိုးမမြေ)၊ နိရဉ္စရာ၊ ဧပြီ ၈/ ၂၀၂၅
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော ဟောင်ဝစ်ဇာ၊၁၂၀ မမ အပါအဝင် ရာနှင့်ချီသော လက်နက်များ၊ ခဲယမ်းများနှင့် စစ်အသုံးဆောင်များကို အမျိုးသားညီညွတ်ရေးအစိုးရ/ NUG (ကာကွယ်ရေးဝန်ကြီးဌာန)က ဓာတ်ပုံများနှင့် တကွ ယနေ့တွင် ထုတ်ဖော်ပြသည်။
သိမ်းဆည်းရမိသော လက်နက်များအထဲတွက် ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း ကနဦးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အင်းတော်မြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်းဖော်ပြထားသည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်သည်ဟုလည်းသုံးသပ်ဖော်ပြသည်။
အင်းတော်မြို့သည် စစ်ကောင်စီ ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲပြီး ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ရက် ည ၉:၀၀နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်သည်ဟုလည်းဖော်ပြထားသည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးတပ်ရင်း (SR-10)၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။