လူထက်နိုင်၊ နိရဉ္စရာ၊ ဧပြီ ၁၉/၂၀၂၅
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာကို စစ်ကောင်စီက လေကြောင်း မှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံတချို့ကို အာရက္ခတပ်တော်(AA)က ကယ်ထုတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက အပစ်ရပ်ကတိကို ချိုးဖောက်နေသည့်အတွက် ပုသိမ်-မုံရွာလမ်းပေါ်ရှိ အဆိုပါပန်းတောကြီးရွာအား ဧပြီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့သောကြောင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “မနက်ဖက် AA က ဝင်တိုက်တော့ ပန်းတောကြီးက စစ်တပ်ထွက်ပြေးတယ်။ ညနေ ၆ နာရီလောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ လာပြီးဗုံးကြဲတယ်။ ရွာမီးလောင်တော့ ရွာသားတွေကို AA က ကယ်ထုတ်ရတယ်။ တချို့ အနီးအနားထွက်ပြေးတာ ပိတ်မိနေတာတွေလည်း ရှိသေးတယ်”ဟု ပြောသည်။
ပန်းတောကြီးကျေးရွာသား ၇၀ ခန့်အား AA နှင့်တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ထားသည်ဟု သိရသည်။
ပန်းတောကြီးကျေးရွာကို ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း သိရသည်။
ပုသိမ်ဒေသခံတစ်ဦးက “ပန်းတောကြီးက ဟင်္သာတဘက်နဲ့ပိုနီးသလိုရှိတယ်။ လေယာဉ်တွေ ပျံနေတာ ပုသိမ်ကလည်း မြင်ရ၊ ကြားရတယ်လေ။ ရွာမီးလောင်နေတာ ရွာသားတွေပြေးကြလွှားကြနဲ့ဗျာ။ တကယ်ခက်ခဲပါတယ်။ အခုပန်းတောကြီးကို ဖုန်းလိုင်းမရဘူး။ စစ်တပ်ကလည်း မြေပြင်မှာ AA ကိုမယှဉ် နိုင်တော့ဘူး” ဟုပြောသည်။
စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုကြောင့် ပန်းတောကြီးရွာ မီးလောင်နေသည်ကို တွေ့ရစဉ်။
ပန်းတောကြီးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲသည့်အတွက် မီးလောင်နေသည်ကို အနီအနားရှိ ဆီဆုံကုန်း၊ အောင်ဘော်၊ ပန်းတောပေါက်၊ ရေဖြူ စသည့် ရွာများမှ လှမ်းမြင်နေကြရပြီး စစ်တပ်က လမ်းတချို့ကိုပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ဆီဆုံကုန်းရွာတွင် ခံစစ်ပြင်ဆင်ကာ ပန်းတောကြီးဖက်သို့ စစ်ကြောင်းပြန်ထိုးခဲ့ရာ တိုက်ပွဲများဆက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ပန်းတောကြီးရွာအနီးတွင် ဧပြီ ၁၅ ရက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။
AA ဦးဆောင်သော ပူးပေါင်းတပ်များသည် မတ်လ ၂၅ ရက်နောက်ပိုင်းတွင် ပုသိမ်-မုံရွာလမ်းနှင့် လေးမိုင်ခန့်အကွာတွင်ရှိသော တုံးတောနှင့် ဝတ်ကုန်းရွာများကို သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပုသိမ်-မုံရွာကားလမ်းမအနီးတွင်ရှိသော ပန်းတောကြီးရွာနှင့် မြို့နယ်ရုံးစိုက်ရာ ငဝန်မြစ်ကမ်းအနီးရှိ လေးမျက်နှာမြို့သို့ ၇ မိုင်ခန့်အကွာသာရှိပြီဖြစ်သည်။
AA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ထိုးစစ်ဆင်လာသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်များက ငါးသိုင်းချောင်း၊ ချင်းလယ်၊ ကွင်းကောက်ရွာတို့တွင်စစ်ကြောင်းထိုး စခန်းချထားကြောင်းလည်း သိရသည်။
ဓာတ်ပုံ - ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ ပန်းတောကြီးရွာလမ်းဆုံအား တွေ့ရစဉ်။ ဓာတ်ပုံ-အင်တာနက်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။