Preview

AA နှင့် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်မည်စိုး၍ စစ်ကောင်စီက နတ်ရေကန်-ပဒါန်းကြားရှိ ကျေးရွာများတွင် ပြည်သူ့စစ်ဖွဲ့ပြီး ကင်းစောင့်ခိုင်းမှုများရှိနေ

သဉ္ဇာနွယ် | ဧပြီ ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :2568
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၁၉/၂၀၂၅

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့အပိုင် နတ်ရေကန်နှင့် ပဒါန်းမြို့ကြားရှိ ကျေးရွာများတွင် အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်များဝင်ရောက်မည်ကိုစိုးရိမ်၍ စစ်ကောင်စီက ပြည်သူ့စစ်များဖွဲ့စည်းပြီး ကင်းစောင့်ခိုင်းမှုများရှိနေကြောင်း သတင်းရရှိသည်။

ပြည်သူ့စစ်ဖွဲ့စည်းထားသည့်ကျေးရွာများမှာ နတ်ရေကန်နှင့် ပဒါန်းကြားရှိ စန္ဒကူး၊ ဆုံကုန်း၊ မြစ်ဖျား၊ မကျည်းကန်၊ သာယာကုန်း၊ ပျင်းဝ၊ ဇမြွန်း၊ ရှောက်တောင်၊ ပြင်ကြည်၊ ပဇီ၊ စက်ဆီရွာနှင့် ဂုတ်ကြီးစသည့် ကျေးရွာများဖြစ်ကြသည်။

အဆိုပါကျေးရွာများတွင် ယခုဧပြီလအတွင်း စစ်ကောင်စီမှ ကျေးရွာတစ်ရွာမှ လူ ၁၀ ဦးထက်မနည်းကိုစုဆောင်းပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ ကျေးရွာများတွင်ကင်းစောင့်ခိုင်းထားသည်ဟု ပဒါန်းဒေသခံအမျိူးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"တစ်ရွာက ၁ဝ ယောက်စီခေါ်တယ်။ ပြီးရင် ရွာမှာပဲ ကင်းစောင့်ခိုင်းတယ်။ ရွာကိုသူစိမ်းဝင်၊ မဝင် အဓိကစောင့်ကြည့်ခိုင်းတယ်။ တပ်မ (၉၉)က ဦးဆောင်တာအဓိက" ဟုပြောသည်။

ပြည်သူ့စစ်အဖြစ်စုဆောင်းခံရသူအများစုမှာ ချင်းလူမျိုး လူငယ်၊ လူလတ်ပိုင်းအရွယ်များဖြစ်ပြီး ထွက်ပြေးမရတော့သည့်အခြေအနေဖြစ်သဖြင့် အတင်းအကျပ် စစ်သားစုဆောင်ခံရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

အဆိုပါနတ်ရေကန်-ပဒါန်းလမ်းကြားတွင် တပ်မ(၉၉)ဦးဆောင်ပြီး ဆုံကုန်းအမြောက်တပ်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံစသည်တို့မှ နယ်မြေခံ စစ်ကောင်စီအင်အားများ စစ်ကြောင်းထိုးလှုပ်ရှားနေကာ နတ်ရေကန် စခန်းဖက်ကိုလည်း အင်အားများထပ်မံဖြည့်တင်းလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"အခုအပစ်ရပ်ထားတဲ့နောက်ပိုင်း သူတို့ဖက်က ပိုလှုပ်လာတယ်။ အင်အားဖြည့် စစ်ကြောင်းထိုးတာတွေလုပ်တယ်" ဟုပြောသည်။

နတ်ရေကန်ဗျူဟာစခန်းတွင် တိုက်ပွဲရပ်တန့်နေသော်လည်း စစ်ကောင်စီဖက်မှ စစ်ကြောင်းထိုးခြင်း၊ အသေခံဒရုန်းများ၊ ကင်းထောက်ဒရုန်းများစေလွှတ်ကာ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.