မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၂၆/၂ဝ၂၅
ငလျင်ဒဏ်သင့်မြန်မာပြည်သူများအတွက် အလှူငွေ ကျပ်ဘီလီယံ သိန်းတစ်သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်လက်ခံရရှိထားပြီဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုလိုက်သည်။
ယမန်နေ့ ဧပြီလ ၂၅ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
ဧပြီလ ၂၄ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပ စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့်အလှူငွေ ကျပ် ၁၁၅၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ငါးသန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် နှစ်သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ တို့အား လက်ခံရရှိထားပြီဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့သည်။
ယင်းအပြင် ငလျင်ဒဏ်သင့်မြန်မာပြည်သူများအတွက် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ယနေ့အချိန်ထိ လေယာဉ်ပေါင်း ၁၄၇ စင်း၊ သင်္ဘောခုနစ်စင်း၊ မော်တော်ယာဉ် ၂၃ စီးတို့ဖြင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂၀၉၅ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၆၃၅ ဒသမ ၉၂ တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန်၊ စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန်ကို ပေးပို့လှူဒါန်းကူညီထားကြသည်ဟုလည်း ပြောသည်။
အလားတူ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင်လည်း ဧပြီ ၂၅ ရက်အထိ နိုင်ငံပေါင်းခြောက်နိုင်ငံမှ ဆေးကုသရေးအဖွဲ့ဝင်အင်အား ၃၃၇ ဦးဖြင့် နိုင်ငံအလိုက် အဖွဲ့များခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပြီး ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။
မတ်လ ၂၈ ရက်က လှုပ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့်ငလျင်ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ဧပြီ ၂၅ ရက်အထိ သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦးနှင့် ပျောက်ဆုံးသူ ၁၁၀ ရှိပြီဟုလည်း စစ်ကောင်စီစာရင်းအရ သိရသည်။
အိမ်ထောင်စု ၁၂၈၉၆၅ စု၊ လူဦးရေ ၆၂၉၂၀၆ ဦး ငလျင်ဘေးကြုံတွေ့ခဲ့ကြရပြီး ကယ်ဆယ်ရေးစခန်း ၁၃၅ ခုဖွင့်လှစ်ထားရသည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာ ရေးအဆောက်အအုံ ၆၁၃ လုံး၊ ဆေးရုံ၊ ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။
မြန်မာတွင် မတ်လ ၂၈ ရက်က ငလျင်ကြီးလှုပ်ခတ်အပြီး ဧပြီ ၂၃ ရက်အထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၁၅၅ ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။
အများစုမှာ ပျမ်းမျှ ရစ်ချ်တာစကေး ၄ နှင့်အောက်ဖြစ်ပြီး ရစ်ချ်တာစကေး ၅ ဝန်းကျင် တစ်ကြိမ်ခန့်သာ ရှိခဲ့ကာ ဧပြီ ၂၃ ရက် နောက်ပိုင်းတွင် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု မရှိသေးဟု သိရသည်။
ဓာတ်ပုံ - MOI
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။