မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၂၉/၂ဝ၂၅
မြန်မာနိုင်ငံတွင် လာမည့်မေလ ၁၆ ရက်မှစပြီး အနောက်တောင်မုန်သုံလေ စတင်ဝင်ရောက်တော့မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မေလ ၁၆ ရက်မှ ၂ဝ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ မေလ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊ မေလ ၂၆ ရက်မှ ၃၁ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဇွန်လ ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများကို ဝင်ရောက်လာတော့မည်ဟု မိုး/ဇလ၏ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအနောက်တောင်မုတ်သုံလေသည် ဇွန်လ ၁ ရက်မှ ၅ ရက် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်မှ ၁ဝ ရက်)အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်လာနိုင်ပြီး လာမည့် အောက်တိုဘာလ ပထမရက်သတ္တပတ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားနိုင်သည်ဟုလည်း ဆိုထားသည်။
အနောက်တောင်မုတ်သုံလေသည် ပုံမှန်အားဖြင့် မေလ ၁၉ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို စတင်ဝင်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် ယင်းထက် ရက်အနည်းငယ်စော၍ ဝင်ရောက်လာနိုင်သည်ဟုလည်း မိုး/ဇလပညာရှင်ဦးဝင်းနိုင်က နိရဉ္စရာကို ပြောသည်။
"အနောက်ဘက်လေစီးကြောင်းနဲ့အတူ အနောက်တောင်မုတ်သုံလေသည် မလေးရှားကျွန်းဆွယ်ကို မေလ ၁၀ ရက်ကျော်ရင် ဝင်လာနိုင်မယ်လို့ ခန့်မှန်းရပြီး မြန်မာနိုင်ငံတောင်ပိုင်း- တနင်္သာရီတိုင်းဒေသတွေကို ပုံမှန်မုတ်သုံဝင်နေကျရက် မေလ ၁၉ ရက်ထက် ရက်အနည်းငယ် စောပြီးဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်"ဟု ပြောသည်။
မိုးဦးကာလသည် အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်အထိဖြစ်သည်ဟု မိုး/ဇလထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်”ဟုလည်း ဖော်ပြထားသည်။
မိုးလယ်ကာလသည် ဇူလိုင်လ ၁ ရက်မှ သြဂုတ်လကုန်အထိဖြစ်ပြီး ယင်းကာလအတွင်းတွင်လည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်ကာ နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။
မိုးနှောင်းကာလသည် စက်တင်ဘာ ၁ ရက်မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိဖြစ်သည်ဟု သိရသည်။
“မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်”ဟု ဖော်ပြထးသည်။
မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းကာလတို့အတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မြစ်ရေများလည်း မြင့်တက်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိထားနေထိုင်ကြရန်လိုအပ်သည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလအစောပိုင်းက ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် လူပေါင်း ၁ဝဝဝ ကျော်သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ခဲ့သည်။
အဆိုပါဒေသများရှိ နေရာအနှံ့အပြားတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီကမူ အဆိုပါမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ် ၅၄ ခုမှ လူဦးရေ ၄၁၉ ဦး သေဆုံးပြီး ၁၄၈,၆၄၃ ဦး ရေဘေးကြုံကြုံခဲ့ရသည်ဟု စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အနောက်တောင်မုတ်သုံလေသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မြန်မာနိုင်ငံတောင်ပိုင်းဒေများသို့ မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်က မေလ ၁၉ ရက်နှင့် ၂၉ ရက်ကြားတွင် ဝင်ရောက်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ကြေညာခဲ့သည်။
ဓာတ်ပုံ - ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်က အနောက်တောင်မုတ်သုံလေဝင်ရောက်မှုရက်စွဲများနှင့် ရခိုင်ပြည်အတွင်း မိုးကြီး၍ ရေကြီးရေလျှံဖြစ်ပွားခဲ့စဉ်။(Photo - မိုး/ဇလနှင့် နိရဉ္စရာ)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။