နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၅
ပဲခူးတိုင်း မင်းလှမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ငယ် ၁၁ လက်ကိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)က ဧပြီ ၂၉ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
မင်းလှမြို့နယ် ငမိုးရိပ်ကျေးရွာမှ ဇရပ်မြှောင်ကျေးရွာသို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာစဉ် အရှိုချင်း ကာကွယ်ရေးတပ်(ACDF)နှင့် ဗျူဟာ (၂၂) ပူးပေါင်းမဟာမိတ် စစ်ကြောင်းတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြီးတွင် စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ငယ် ၁၁ လက် အပါအဝင် ကွန်မန်ဒိုပြောင်တို (၁) လက် ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်ထဲတွင် “ ဧပြီလ ၂၇ ရက်နေ့ (၅) နာရီ (၁၀) မိနစ်အချိန်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာအတွင်းသို့ ရောက်ရှိလာသည့် အင်အား (၇၀) ပါ စစ်ကြောင်းသည် ဧပြီ ၂၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် ငမိုးရိပ်ကျေးရွာမှ ဇရပ်မြှောင်ကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် အရှိုချင်းကာကွယ်ရေးတပ်(ACDF)နှင့် ဗျူဟာ (၂၂) ပူးပေါင်းမဟာမိတ်စစ်ကြောင်းတို့နှင့် (၂) နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်” ဟု ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်မှ စစ်လေယာဉ် (၂) စီး၊ Mi 35 (၁) စီးနှင့် လေကြောင်း ပစ်ကူပေးပြီး မွန်းလွဲ (၂) နာရီခန့်တွင် အင်အား ၇၀ ပါ စစ်ကြောင်းသည် ထောက်ကြန့်ကျေးရွာဘက်သို့ ဆုတ်သွားပြီး ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည်ဟု ဆိုသည်။