နိရဉ္စရာ၊ မေ ၂/၂၀၂၅
စစ်ကောင်စီက စစ်ရှုံးပြီး စွန့်ခွာခဲ့ရသော မြို့ (၅) မြို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ပလောင်လွတ်မြောက်ရေးတပ်မတာ် (PSLF/TNLA) ထံမှ ၏ပြန်တောင်း၍တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှာ ရှေ့ဆက်မရဘဲ ရပ်တန့်သွားခဲ့သည်ဟု သတင်းရရှိသည်။
“PSLF ကိုယ်စားလှယ်နှင့် မြန်မာစစ်ကောင်စီတပ်ကိုယ်စားလှယ်တို့၏ ကူမင်းတွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးကြောင်း” မေလ၂ ရက်နေ့ဖြင့်ထုတ်ပြန်ရာတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွါရန် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့သည်ဟုဖော်ပြထားသည်။
၎င်းတောင်းဆိုချက်ကို PSLFကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြပါသည်ဟုဖော်ပြထားသည်။
လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့ပါသည်ဟုဖော်ပြထားသည်။
စစ်ကောင်စီသည် တရုတ်၏ အကူအညီဖြင့် လားရှိုးမြို့ကို MNDAA ကိုးကန့်လက်ထဲက ပြန်တောင်း၍ ရယူထားနိုင်သကဲ့သို့ TNLA သိမ်းပိုက်ထားသည် မြို့ (၅) မြို့အားလည်း ထိုသို့ ရယူရန် တောင်းဆိုလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာဝေဖန်သုံးသပ်သူများက ပြောဆိုသည်။
အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် စစ်ကောင်စီနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တို့၏ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ (၂၈)နှင့် (၂၉)ရက်တွင် တရုတ်ပြည်၊ ကူမင်းမြို့၌ ထပ်မံပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်နစက မြန်မာစစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့တက်ရောက်ခဲ့ကြသည်။