Preview

မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်သတင်းသမား ကိုဖိုးသီဟ အပါအဝင် သတင်းသမား ၇ ဦးသတ်ဖြတ်ခံရပြီး လက်ရှိအချိန်ထိ သတင်းသမား ၄၀ ခန့် ဖမ်းဆီး ထိန်းသိမ်းခံထားရကြောင်း IPCM ထုတ်ပြန်

ခိုင်လူလှ (ရိုးမမြေ) | မေ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :1472
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မေ ၃/ ၂၀၂၅


မြန်မာနိုင်ငံတွင်၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး  ရခိုင်သတင်းသမား ကိုဖိုးသီဟ အပါအဝင် သတင်းသမား ၇ ဦးသတ်ဖြတ်ခံရပြီး လက်ရှိအချိန်ထိ သတင်းသမား ၄၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)က ယနေ့ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှ ၂၀၂၅ ခုနှစ် မေ (၃) ရက်နေ့ အထိ မတရားဖိနှိပ် ဖမ်းဆီးခံခဲ့ရသူများအနက် ယနေ့အထိ အကျဉ်းချခံထားရဆဲ သတင်းမီဒီယာသမား (၄၀) ဦး တိတိရှိပြီး အမျိုးသား (၃၃) ဦးနှင့် အမျိုးသမီး (၇) ဦးပါဝင်သည်။

ဖော်ပြပါ ကာလအတွင်း သတင်းမီဒီယာ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့ရသူ (၇) ဦးတိတိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)၏ ပြုစုထားသော စာရင်းများအရ သေဆုံးခဲ့ရသည့် သတင်းသမား (၇) ဦးမှာ

၁။ ကိုစိုးနိုင် (အလွတ်တန်း ဓာတ်ပုံ သတင်းထောက်/ အသံတိတ် သတင်းရယူစဉ် ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။

၂။ အေစိုင်းကေ(ခ) စိုင်းဝင်းအောင် (အယ်ဒီတာ၊ ဖက်ဒရယ်ဂျာနယ်/ တိုက်ပွဲသတင်းရယူနေစဉ် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့သည်။

၃။ Pu Tuidim (အယ်ဒီတာချုပ်၊ ခေါနုသုမ် သတင်းဌာနတည်ထောင်သူ/ စစ်မြေပြင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရသည်။)

၄။ ကိုလင်းလင်းထွန်း (အလွတ်တန်းသတင်းထောက်/သတင်းမီဒီယာသမားဖြစ်နေ၍ သတ်ဖြတ်ခံခဲ့ရသည်။)

၅။ ဖိုးသီဟ (ခ) မြတ်သူထွန်း (အလွတ်တန်းသတင်းထောက်/ အကျဉ်းထောင်မှ ထုတ်၍ သတ်ဖြတ်ခံခဲ့ရသည်။)

၆။ ထက်မြတ်သူ (အလွတ်တန်းသတင်းထောက်/ စစ်ကောင်စီ၏ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးမှုတွင် အသတ်ခံခဲ့ရသည်။)

၇။ ဝင်းထွဋ်ဦး (ခ)ဖိုက်ဇယ် (သတင်းထောက်၊ ဒီဗွီဘီ သတင်းဌာန/ စစ်ကောင်စီ၏ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးမှုတွင် အသတ်ခံခဲ့ရသည်။)

ဖမ်းဆီးထောင်ချခံထားရသူ သတင်းသမား ၄၀ တွင် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၁) ဦးရှိပြီး ၎င်းတို့မှာ  ရှင်​ဒေဝီ (ထောင်ဒဏ်တစ်သက်)၊ စိုင်းဇော်သိုက်(ခ) စိုင်းဇော်( ထောင်ဒဏ် နှစ်- ၂၀)၊ အောင်ဆန်းဦး( ထောင်ဒဏ် ၂၀ နှစ်)၊ မျိုးမြင့်ဦး (ထောင်ဒဏ် တစ်သက်)၊ ကိုမျိုးစံစိုး( ထောင်ဒဏ် ၁၅ နှစ်)၊ မှူးရတာခက်မို့မို့ထွန်း ( ထောင်ဒဏ် ၁၃ နှစ်)၊ စည်သူအောင်မြင့် ( ထောင်ဒဏ် ၁၂ နှစ်)၊ ငြိမ်းချမ်းဝေ (ထောင်ဒဏ် ၁၁ နှစ်နှင့် ၃ လ)၊ မဝေဝေလွင် (ထောင်ဒဏ် ၁၀ နှစ်)၊ ကိုသူရိန်ကျော် (ထောင်ဒဏ် ၁၀ နှစ်) နှင့် ကိုခိုင်မြင့်ထွန်း(ခ) ရွှေလင်းသစ် (ထောင်ဒဏ် ၁၀ နှစ်)  တို့ဖြစ်ကြသည်။

မြန်မာမီဒီယာအမျိုးသမီးများအဖွဲ့ (MWiM)ကလည်း ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ရာတွင်အမျိုးသမီးသတင်းထောက်တွေဟာ အမျိုးသားသတင်းထောက်တွေနည်းတူ အန္တရာယ်တွေကိုရင်ဆိုင်နေရတဲ့အပြင် ကျား၊မ ခွဲခြားဆက်ဆံမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုလည်း ခံစားနေရပါတယ်။လွတ်လပ်ပြီး အမှီခိုကင်းသော မီဒီယာ လုပ်ငန်းခွင်တွေ ဆက်လက် တည်မြဲရပ်တည်နိုင်ဖို့ အမျိုးသမီးသတင်းထောက်တွေရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးပါတယ်။မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်ဝိုင်းဝန်း ကြိုးစား တောင်းဆို ပေးကြဖို့နဲ့မြန်မာအမျိုးသမီးသတင်းထောက်တွေအတွက် အားပေးကူညီပေးကြဖို့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ MWIM က တိုက်တွန်းပါတယ်”ဟု ဖော်ပြထားသည်။

(ဓာတ်ပုံ-Frontier Myanmar)

#သတင်းမီဒီယာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.