လူထက်နိုင်၊ နိရဉ္ဇရာ၊ မေ ၁၂ /၂၀၂၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ၍ ဆရာ၊ ဆရာမနှစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀ နီးပါး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစာသင်ကျောင်းကို ယနေ့ မေလ ၁၂ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် မိတ္ထီလာရှိ ရှမ်းတဲလေတပ်စခန်းမှ စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကျောင်းဆရာမနှစ်ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူအများအပြားသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူအမြောက်အများရှိခဲ့ကြောင်းလည်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
ဒီပဲယင်းမြို့ဒေသခံအမျိုးသားတစ်ဦးက “စာသင်နေတဲ့ကလေးတွေ သေသွားတာပါ။ ကျောင်း ဆရာမနှစ်ယောက်ပါတယ်လို့ လောလောဆယ် သိရတယ်။ သေတာ အယောက် ၂၀ ရှိတယ်။ ဒါထက် ထပ်တိုးနိုင်ပါတယ်။ တော်တော်ရက်စက်တဲ့စစ်တပ်ပဲ။ မိဘတွေ ရင်ကျိုးရတယ်” ဟုပြောသည်။
လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမနှစ်ဦးတို့၏ အလောင်းများကို ရရှိထားပြီး ဒဏ်ရာရရှိသော ကလေးငယ်များလည်း များပြားကာ ကူညီကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါစာသင်ကျောင်းသည် ဒီပဲယင်းမြို့နယ်အနောက်ခြမ်း အိုးထိမ်းတွင်းမြောက်ရွာတွင်တည်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကြားကာလ ပညာရေးကျောင်းတစ်ကျောင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါကျောင်းတွင် စာသင်ခန်း ၁၂ ခန်းပါရှိသည်ဟုလည်း သိရသည်။
စစ်ကောင်စီသည် မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။