မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂ဝ /၂ဝ၂၅
အိန္ဒိယ - မြန်မာနယ်စပ် တမူးမြို့အနီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့ဝင် ၁၀ ဦး ပစ်ခတ်ခံရ၍သေဆုံးသွားသည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်စေရန်အတွက် အိန္ဒိယအစိုးရနှင့်တွေ့ဆုံညှိနှိုင်းနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့ မေလ ၁၉ ရက်၊ ညတွင် ထုတ်ပြန်သည်။
“အိန္ဒိယ - မြန်မာနယ်စပ် တမူးမြို့အနီး ပကဖအဖွဲ့ဝင် (၁၀) ဦး ကျဆုံးခဲ့ရသည့်ကိစ္စနှင့်ပက်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များ အပြင် ကနဦး မြေပြင်အခြေအနေ ကြားနာစစ်ဆေးမှု အစီရင်ခံစာတွေ့ရှိချက်များအရ အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ကနဦး သတင်းထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြထားသည်။
ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ပကဖအဖွဲ့ဝင် ၁ဝ ဦးမှာ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှဖြစ်ပြီး ပြီးခဲ့သည့် မေလ ၁၄ ရက်တွင် တမူးမြို့နယ်နှင့် ထိစပ်နေသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တွင် အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့များ၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အာသံရိုင်ဖယ်တပ်ဘက်က မေလ ၁၅ ရက်က သတင်းထုတ်ပြန်ရာတွင် အိန္ဒိယ-မြန်မာ နယ်စပ်အနီး ချန်ဒဲလ်ခရိုင်၊ ခန်ဂျိုင်တာဆဲလ် ဒေသရှိ ဆမ်တဲလ်ရွာသစ်အနီးတွင် လက်နက်ကိုင်အင်အားစုများ လှုပ်ရှားနေကြောင်း တိကျသော ထောက်လှမ်းရေးသတင်းများကို အခြေပြုပြီး အာသံရိုင်ဖယ် နယ်ခြားစောင့် ယူနစ်များက မေလ ၁၄ ရက်နေ့တွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုစစ်ဆင်ရေးအတွင်း လက်နက်ကိုင်များဖက်မှ ပစ်ခတ်သည်ကို ခံခဲ့ရသောကြောင့် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များက သတ်မှတ်ထားသည့်စံနှုန်းများနှင့်အညီ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ရာ လက်နက်ကိုင် ၁၀ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်နှင့် ခဲယမ်းမီးကျောက်များကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အိန္ဒိယအစိုးရသည် မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်အတွင်း နယ်စပ်ခြံစည်းရိုးကာရံနေမှုနှင့်ပတ်သက်ပြီး တမူးခရိုင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်လည်း အငြင်းပွားမှုအချို့ရှိနေသည်ဟု သိရသည်။
ဓာတ်ပုံ - တမူးခရိုင် ပကဖအဖွဲ့ဝင်များနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။