(အရာရှိလေးဦးအပါအဝင် ၂၃ ဦး ဒဏ်ရာရ)
မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၁/၂ဝ၂၅
စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း(ဘုရင့်နောင်)တိုက်ခိုက်ခံရမှုအတွင်း အရာရှိသုံးဦးနှင့် နောက်ထပ် လေးဦး သေဆုံးခဲ့ပြီး အရာရှိလေးဦးအပါအဝင် ၂၃ ဦး ဒဏ်ရာရရှိသွားကြောင်း Brave Warriors for Myanmar (BWM)က ယနေ့ မေလ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။
အဆိုပါသင်တန်းကျောင်းတိုက်ခိုက်ခံရမှုအတွင်း သင်တန်းသားအရာရှိ ဗိုလ်မှူး ခုနစ်ဦး စိုးရိမ်အဆင့်ဒဏ်ရာရရှိခဲ့ပြီးနောက် သုံးဦးသည် စစ်ဆေးရုံတွင်သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
အလားတူ ကျောင်းအုပ်ကြီး၏ လုံခြုံရေးစစ်သည်နှစ်ဦးနှင့် ဒုတပ်ကြပ် နှစ်ဦးလည်း ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။
သင်တန်းသားအရာရှိ ဗိုလ်မှူး လေးဦးနှင့် နောက်ထပ် စစ်သည်သုံးဦးအပါအဝင် ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
BWM နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့သည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့် မေလ ၁၉ ရက်၊ နံနက် ၇ နာရီ မိနစ် ၂ဝ တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု BWM က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ကျောင်းအုပ်ကြီးနေအိမ် ကားဂိုဒေါင်ထိမှန်ပျက်စီးပြီး ကားနှစ်စီး အကြီးစားပျက်စီးသွားခဲ့သလို ကျောင်းဌာနချုပ်ရုံး စစ်ရေးပြကွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ဟု ဖော်ပြထားသည်။
တပ်ရင်းမှူးသင်တန်းသား အရာရှိအိပ်ဆောင်အချို့ ထိမှန်ပျက်စီးခဲ့ပြီး ကျောင်းဗဟိုကင်း ကင်းသားအိပ်ဆောင်ထိမှန်ခဲ့သလို သေနတ်တင်စင် ခြောက်ခုလည်း ပျက်စီးသွားခဲ့သည်ဟု BWM က ဆိုထားသည်။
အလားတူ ကျောင်းဌာနချုပ် လက်နက်တိုက် မျက်နှာကြက် ပွင့်ထွက်၍ လက်နက်များ ထိခိုက်မှုအနည်းငယ်ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါသင်တန်းကျောင်းသည် အောက်မြန်မာပြည်ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေကြသော အရာရှိများအတွက် တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူးသင်တန်းများပေး၍ တိုက်ခိုက်ရေးပညာကို အဓိက သင်ကြားပေးနေသည့် တိုက်ခိုက်ရေးသင်တန်းကျောင်းဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ရှုံးစစ်ကောင်စီ၏ သြဇာခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့်နှိပ်စက်ရန် စစ်ကောင်စီယန္တရားအား အမိန့်ပေးကွပ်ကဲနေသော စစ်ကောင်စီအရာရှိများကို ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ရန်ရည်ရွယ်၍ BWM နှင့် မဟာမိတ်များက ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
BWM နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မေလ ၁၈ ရက်၊ ညဉ့် ၁ နာရီ ၄၈ မိနစ်ကလည်း စစ်ကောင်စီ၏ တောင်ငူ(ကေတုမတီ)လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လေတပ်အရာရှိအပါအဝင် ၁ဝ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရသွားခဲ့သည်ဟု BWM က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း လေတပ်အတွင်းရှိ ဂျက်ဖိုက်တာ နှစ်စီးနှင့် Y-8 တစ်စီးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဆိုထားသည်။
ဓာတ်ပုံ - နိရဉ္စရာ နှင့် BWM
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။