သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၄/၂၀၂၅
ကချင်ပြည်နယ်၊ ဖားကန့်-ကာမိုင်းလမ်းရှိ ကျေးရွာပေါင်း ၁ဝ ကျော်မှ ရွာသားအများအပြားကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။
ဖားကန့်-ကာမိုင်းကားလမ်းတစ်လျှောက်ရှိ နန့်ယား၊ နန့်တိန်၊ ဆိုင်းဖရာ၊ ကပ်မှော်စွပ်၊ တံတားညီနောင်စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၁၀ ကျော်မှ ဒေသခံအများအပြားကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထားခြင်းဖြစ်သည်ဟု သိရသည်။
ဖားကန့်-ကာမိုင်းလမ်းရှိ ကားလမ်းတစ်လျှောက်တွင် အင်အားရာနှင့်ချီပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းတို့ စစ်ကြောင်းထိုးနေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲလည်းဖြစ်ပွားနေသည်ဟု သိရသည်။
တိုက်ပွဲများကြောင့် အဆိုပါကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခပြတ်လပ်၍ ယခုရက်ပိုင်းအတွင်း ရွာသို့ ရိက္ခာလာယူစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဖားကန့်ရောက် ရခိုင်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ရွာသားတွေက တိုက်ပွဲစဖြစ်ကတည်းက နီးစပ်ရာတွေမှာ ရှောင်နေကြရတာ။ ထွက်ပြေးတုန်းက စားစရာပါသွားပေမယ့် အများကြီးမသယ်နိုင်ကြဘူးလေ။ ဒီတော့ စစ်ရှောင်ရက်ကြာလာတော့ စားစရာမရှိလို့ အိမ်မှာကျန်ခဲ့တဲ့ စားစရာ ဆန်တို့၊ ဆီတို့သွားယူတဲ့အချိန် စစ်ကောင်စီက ဖမ်းလိုက်တာ" ဟုပြောသည်။
ရိက္ခာသွားယူပြီးနောက် ပြန်ရောက်မလာတော့မှ ဖမ်းဆီးခံရခြင်းကို သိရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်ကိုလည်း စိုးရိမ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူဦးရေ အတိအကျကိုမူ လောလောဆယ် မသိရသေးဟု ပြောသည်။
ဖားကန့်ဒေသခံ စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက "အဲဒီလမ်းတစ်လျှောက်က စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တယ်။ သူတို့က ရှေ့တက်ပြီးစစ်ကြောင်းထိုး၊ KIA နဲ့တိုက်ပွဲဖြစ်၊ ပြန်နောက်ဆုတ်တော့ အဲလမ်းတစ်လျှောက်က ရွာအနီးအနားတွေမှာ နေကြတယ်။ လူမနေတဲ့ရွာတွေကနေ ရိက္ခာတွေ ဝင်ယူတာရှိတယ်။ ရွှေငွေတွေရှာတယ်။ တချို့အိမ်တွေကို ဖြိုဖျက်တယ်" ဟု နိရဉ္စရာကို ပြောသည်။
လဝါး- ကာမိုင်း- လုံးခင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး-ဖားကန့်လမ်းစသည့် လမ်းနှစ်လမ်းတွင် စစ်ကာင်စီတပ်က KIA ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အင်းတော်ကြီး-ဖားကန့်လမ်းရှိ ဆနွင်းကုန်းကျေးရွာအနီးတွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်ကလည်း ဖားကန့်- လုံးခင်းလမ်းရှိ တံတားညီနောင်နားနှင့် အင်းတော်ကြီး- ဖားကန့်လမ်းကြားသို့ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KIA နှင့်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ဖားကန့်မြို့တွင် စစ်ကောင်စီအပိုင်တပ်မဗျူဟာကုန်း၊ ဖားကန့်ရဲစခန်း၊ ကန်ဆည်ဗျူဟာကုန်း၊ မစွပ်ယံထန်ယမ်းချက်စခန်းတို့ကို KIA က ပြင်ပမှ ထိန်းချုပ်ထားပြီး အဆိုပါစခန်းများထဲတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေကြောင်းလည်း သိရသည်။
ဓာတ်ပုံ - Statandard Daily News
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။