နိရဉ္စရာ၊မေ၂၅/ ၂၀၂၅
အာဆီယံအတွင်းမှ ကုမ္ပဏီ၅၄ခုသည် မြန်မာစစ်အုပ်စုကို အခွန်ငွေ၊ လေယာဉ်ဆီနှင့်နည်းပညာများကို ပံ့ပိုးကာ ရာဇဝတ်မှုကြီးများတွင် အားပေးကူညီနေသည်ဟုJUSTICE FOR MYANMAR (JFM) က ထုတ်ဖော်ပြောဆိုသည်။
၎င်းအဖွဲ့၏မေလ၂၄ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့်အစီရင်ခံစာအရ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ၊၁ရက်နေ့အာဏာသိမ်းပြီးနောက်ပိုင်းအရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏အဖွဲ့ဝင်နိုင်ငံများရှိကုမ္ပဏီ၅၄ခုတို့သည်မြန်မာစစ်အုပ်စု၏စစ်အုပ်စုနှင့်၎င်းတို့ထိန်းချုပ်ထားသည့်ကုမ္ပဏီများနှင့်စီးပွားရေးဆက်နွှယ်မှုများကိုဆက်လက်ထိန်းသိမ်းထားရှိသည်ဟုဖော်ပြသည်။
၎င်းကုမ္ပဏီများအထဲကတချို့သည် စစ်အုပ်စုထိန်းချုပ်ထားသည့်ရေနံနှင့်သဘာဝဓါတ်ငွေ့၊သစ်လုပ်ငန်း ကဏ္ဍ၊မြေနေရာငှားရမ်းမှုနှင့်အခွန်ပေးချေမှုများမှတဆင့်အခွန်ဝင်ငွေများပံ့ပိုးပေးခြင်း၊လေယာဉ်ဆီ၊ဆက်သွယ်ရေးနှင့်စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများထောက်ပံ့ခြင်းတို့ဖြင့်ပြည်သူများအပေါ်စစ်အုပ်စုကျူးလွန်လျက်ရှိသည့်အကြမ်းဖက်စစ်ဆင်ရေးကိုအားပေး ကူညီခဲ့ကြသည်ဟု ဆိုသည်။
၎င်းကုမ္ပဏီများသည်ပထမဆုံးအကြိမ်ထုတ်ဖော်ခံရခြင်းဖြစ်ပြီးအစီရင်ခံစာထဲတွင် ကုမ္ပဏီ (၇) ခုကိုဖော်ပြထားသည်။
၎င်းကုမ္ပဏီများမှာထိုင်းနိုင်ငံ၏အစိုးရတစ်စိတ်တစ်ပိုင်းပိုင်PTTEP၊မလေးရှားရေနံတွင်းဝန်ဆောင်မှုကုမ္ပဏီENRA Group၊ စင်ကာပူအခြေစိုက်Interra Resources၊ဗီယက်နမ်နိုင်ငံပိုင်ကုမ္ပဏီViettel Global Investment၊စင်ကာပူသစ်လုပ်ငန်းကုမ္ပဏီများဖြစ်ကြသည့်Greenply Alkemal, Natural Forest နှင့်Valency ၊မလေးရှားနိုင်ငံ၏MAMEE-Double Decker နှင့်ထိုင်းနိုင်ငံ၏CP Group၊ စင်ကာပူကုမ္ပဏီKrislite Group တို့ပါဝင်သည်။
ထိုင်းနိုင်ငံ၏အစိုးရတစ်စိတ်တစ်ပိုင်းပိုင်PTTEP ကုမ္ပဏီသည်စစ်အုပ်စုနှင့်မိတ်ဖက်ဆောင်ရွက်၍အရေးပါသည့်ကမ်းလွန်ဓါတ်ငွေ့စီမံကိန်းကြီးနှစ်ခုကိုကြီးကြပ်လုပ်ကိုင်ကာ မိခင်ကုမ္ပဏီPTT ထံဓါတ်ငွေ့ရောင်းချမှုမှရရှိငွေများဖြင့်စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်ငွေကြေးထောက်ပံ့လျက်ရှိသည်ဟုဆိုသည်။
မလေးရှားရေနံတွင်းဝန်ဆောင်မှုကုမ္ပဏီENRA Group - ယင်းကုမ္ပဏီသည်စစ်အုပ်စုအတွက်ဘဏ္ဍာငွေရှာဖွေပေးနေသည့်ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းအတွက်ဓါတ်ငွေ့သိုလှောင်မှုနှင့်ပို့လွှတ်မှုအဆောက်အအုံများပံ့ပိုးကူညီပြီး ၂၀၂၃နှင့်၂၀၂၄ခုနှစ်များအတွင်းမြန်မာနိုင်ငံသည်ကုမ္ပဏီ၏အဓိကဝင်ငွေရင်းမြစ်ဖြစ်ခဲ့သည်။
စင်ကာပူအခြေစိုက်Interra Resources - ယင်းကုမ္ပဏီသည်၂၀၂၁ခုနှစ်တွင်စစ်အုပ်စုထံအမေရိကန်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရှိသည့်ရေနံစည်ပေါင်းသုံးသန်းကျော်အားရောင်းချထောက်ပံ့ခဲ့ပြီး၊စစ်အုပ်စု၏အရပ်သားပြည်သူများအပေါ်ပစ်မှတ်ထားသောလေကြောင်းတိုက်ခိုက်မှုများနှင့်မြေပြင်စစ်ဆင်ရေးများအတွက်လောင်စာဖြည့်ကူညီခဲ့သည်ဟုဆိုသည်။
ဗီယက်နမ်နိုင်ငံပိုင်ကုမ္ပဏီViettel Global Investment - ယင်းကုမ္ပဏီသည်Mytel ဆက်သွယ်ရေးကွန်ရက်တွင်ဒဏ်ခံပိတ်ဆို့ခံထားရသည့်စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးမြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့်မိတ်ဖက်ဆောင်ရွက်ပြီး၊စစ်အုပ်စုအတွက်အခွန်ဝင်ငွေသာမကထောက်လှမ်းရေးစွမ်းဆောင်နိုင်မှုများကိုလည်းပေးအပ်လျက်ရှိသည်။
စင်ကာပူသစ်လုပ်ငန်းကုမ္ပဏီများဖြစ်ကြသည့်Greenply Alkemal, Natural Forest နှင့်Valency - တို့၏မြန်မာကုမ္ပဏီခွဲများသည်စစ်အုပ်စုထိန်းချုပ်ထားသည်မြန်မာ့သစ်လုပ်ငန်းထံမှသစ်များဝယ်ယူခဲ့ပြီး၊၂၀၂၁မှ၂၀၂၃ခုနှစ်အတွင်းအမေရိကန်ဒေါ်လာ၁၀သန်းကျော်တန်ဖိုးရှိသစ်ထုတ်ကုန်များတင်ပို့ခဲ့သည်။
မလေးရှားနိုင်ငံ၏MAMEE-Double Decker နှင့်ထိုင်းနိုင်ငံ၏CP Group - ယင်းကုမ္ပဏီများသည်စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးမြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကထိန်းချုပ်ထားသည့်ပျဉ်းမပင်စက်မှုဇုန်တွင်ကုန်ထုတ်လုပ်ရေးစက်ရုံများရှိသည်။
စင်ကာပူကုမ္ပဏီKrislite Group - ယင်းကုမ္ပဏီသည်စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးMEC ထံမှငှားရမ်းထားသောမြေနေရာပေါ်တွင်အိမ်ခြံမြေစီမံကိန်းတစ်ခုဖြစ်သောNew Strand ကိုဖော်ဆောင်သူဖြစ်သည်ဟုဖော်ပြထားသည်။
မြန်မာစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်သဘောတူညီခဲ့သည့်အကြမ်းဖက်မှုများအားချက်ချင်းရပ်တန့်ရန်ဘုံသဘောထားငါးရပ်ငြိမ်းချမ်းရေးအစီအစဉ်ကိုအာဆီယံဖော်ဆောင်လာခဲ့ရာလေးနှစ်ကျော်အကြာတွင်စစ်အုပ်စုကအာဆီယံအဖွဲ့ဝင်နိုင်ငံများ၊အထူးသဖြင့်ဗီယက်နမ်၊ထိုင်း၊စင်ကာပူ၊မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံများရှိကုမ္ပဏီများနှင့်၎င်းအစိုးရများ၏ကြံရာပါပတ်သက်မှုဖြင့်အရပ်သားပြည်သူများအပေါ်အကြမ်းဖက်တိုက်ခိုက်မှုများကိုအရှိန်တိုးမြှင့်၍သာလုပ်ဆောင်လာခဲ့ကြောင်းဖြင့်အစီရင်ခံစာတွင်ဖော်ပြထားသည်။