သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၆/၂၀၂၅
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမြို့တောင်ပေါ်ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဖားကန့်-လုံးခင်းလမ်းပေါ်ရှိ လုံးခင်းမြို့၏တောင်ကုန်းပေါ်တွင်ရှိသည့် စစ်ကောင်စီ၏ရဲစခန်းကို ယနေ့ မေလ ၂၆ ရက်၊ ညဉ့် ၃ နာရီဝန်းကျင်ခန့်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA နှင့်နီးစပ်သူ ရခိုင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တောင်အောက်မှာက လုံးခင်းရွာ(မြို့)ရှိတယ်။ တောင်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတွေပူးပေါင်းပြီးနေကြတာ။ အဲဒီစခန်းကို တိုက်တာ။ အင်အားတော့ အများကြီးရှိတယ်။ တိုက်ပွဲက တစ်နာရီလောက်ဖြစ်ခဲ့တယ်" ဟု ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများကို မသိရသေးပေ။
တစ်နာရီခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လက်ရှိတွင် ရပ်တန့်နေသော်လည်း အဆိုပါရဲစခန်းပေါ်မှ လက်နက်ကြီးကျည်များဖြင့် အနီးအနားဝန်းကျင်ကို ယနေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်လျက်ရှိသည်ဟု လုံးခင်းမြို့ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"လောလောဆယ်ရပ်ထားတဲ့သဘော။ ဒါပေမယ့် အဲဒီ တောင်ပေါ်ကနေ စစ်ကောင်စီက လက်နက်ကြီးကျည်တွေနဲ့လှမ်းပစ်နေလို့ ထွက်ပြေးဖို့လုပ်နေကြတယ်" ဟု ပြောသည်။
လုံးခင်းမြို့သည် ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာအဝေးတွင်ရှိကြောင်း ဒေသခံများက ပြောသည်။
ဖားကန့်-ကာမိုင်းကားလမ်းတစ်လျှောက်ရှိ နန့်ယား၊ နန့်တိန်၊ ဆိုင်းဖရာ၊ ကပ်မှော်စွပ်၊ တံတားညီနောင်စသည့် ကျေးရွာများအနီးအနားတွင်လည်း ယခုရက်ပိုင်းအတွင်း အင်အားရာနှင့်ချီပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းတို့က စစ်ကြောင်းထိုးလာနေ၍ KIA နှင့်တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်ကလည်း ဖားကန့်- လုံးခင်းလမ်းရှိ တံတားညီနောင်နားနှင့် အင်းတော်ကြီး- ဖားကန့်လမ်းကြားသို့ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KIA နှင့်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ဖားကန့်လမ်းပေါ်ရှိ တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီသည် ဘေးလွတ်နိုင်မည့်နေရာများသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - KIA တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။