Preview

တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီက ထောက်လှမ်းသတင်း ရယူနေသည့် ပုံစံများအား MDY-PDF ထုတ်ပြန်

လူထက်နိုင် | မေ ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :575
ပြည်တွင်း သတင်း

(စစ်မှုထမ်းဥပဒေ အဓမ္မပြဋ္ဌာန်းပြီးနောက် MDY-PDF သို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ စေလွှတ်ထားသော ဒလန်၊ သူလျှိုများသည် ပုံစံမျိုးစုံဖြင့် ဝင်ရောက်လာဟုဆို)

လူထက်နိုင်၊ နိရဉ္စရာ၊ မေ ၂၈/၂၀၂၅

တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီက ထောက်လှမ်းသတင်း ရယူနေသည့်ပုံစံများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF)က မေလ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံနှင့်အဝှမ်း စစ်မျက်နှာများတွင် အခြေမလှသည့် အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့်နောက် တော်လှန်ရေးတပ်ဖွဲ့များအတွင်း ဒလန်၊ သူလျှိုများ စိမ့်ဝင်စေကာ သတင်းအချက်အလက်ရယူသည့် ထောက်လှမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ (သို့) စစ်ကောင်စီအားထောက်ခံသော အရပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များသို့ အသွင်ယူဝင်ရောက်စေကာ တည်နေရာများရယူခြင်း၊ အချင်းချင်းကြား သွေးကွဲစေရန် အခြေအနေများ ဖန်တီးခြင်းနှင့် တပ်ဖွဲ့ကို စွန့်ခွာစေရန် ဆွဲဆောင်စည်းရုံးခြင်း စသည့်လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်စေသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီမှ တော်လှန်ရေးအဖွဲ့အသီးသီးအတွင်းသို့ ပုံစံမျိုးစုံ၊ နည်းမျိုးစုံ၊ အကြောင်းအရာမျိုးစုံဖြင့် ၎င်းတို့၏ အတွင်းလူ (ဒလန်၊ သူလျှို)များ စေလွှတ်ထားနိုင်သည်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် အထူးအလေးပေးသတိမူသင့်သည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

MDY-PDF က ဖော်ထုတ်တွေ့ရှိထားသော စစ်ကောင်စီ၏ အသွင်ယူထောက်လှမ်း မှုယန္တရားပုံစံကို အခြားသောတော်လှန်ရေးတပ်ဖွဲ့များ နမူနာယူ၍ လုံခြုံရေး အစီအမံများ ချမှတ်နိုင်စေရန် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ထောက်လှမ်းရေးယန္တရားတွင် ပါဝင်ပတ်သက်နေသည့် လူမှုကွန်ရက်စာမျက်နှာ Facebook Account များကိုလည်း မန္တလေး (MDY-PDF)က ဖော်ထုတ်ထားသည်။

blob
ပြည်သူ့စစ်မှုထမ်းဥပဒေ အဓမ္မပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သို့ စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ စေလွှတ်ထားသော ဒလန်၊ သူလျှိုများသည် ပုံစံမျိုးစုံဖြင့် ဝင်ရောက်လာကြကြောင်းလည်း ဆိုထားသည်။

အသက်အရွယ်အပိုင်းအခြားအားဖြင့် အသက် (၂၀) ဝန်းကျင်ရှိသော လူငယ်များဖြစ်ကြပြီး အမျိုးသားရော၊ အမျိုးသမီးများပါ ဝင်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့သည် စုဆောင်းရေးကာလတွင် အခြားသော လူငယ်များနှင့် ရင်းနှီးမှုရရှိစေရန် စနစ်တကျ ကြိုးစားအားထုတ်ခဲ့ပြီး အမည်အရင်းများ၊ နေရပ်လိပ်စာများနှင့် ဖုန်းနံပါတ်များကို တောင်းယူစုဆောင်းခဲ့သည်ကို တွေ့ရှိရသည်ဟု MDY-PDF က ဖော်ပြသည်။

ထို့အပြင် သင်တန်းကာလတစ်လျှောက်တွင်လည်း တပ်ဖွဲ့မှ စွန့်ခွာစေမည့်အတွေးအခေါ်များကို သင်တန်းသားအချင်းချင်း ကြား ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလေ့ရှိကြပြီး တပ်ဖွဲ့နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကိုလည်း တတ်နိုင်သည့် ပုံစံမျိုးစုံဖြင့် ရယူစုဆောင်းကာ နောက်ဆုံးတွင် တပ်ပြေးအဖြစ် တပ်ဖွဲ့မှ စွန့်ခွာသွားလေ့ရှိကြကြောင်း MDY-PDF က ဆိုသည်။

ထို့ပြင် ၎င်းတို့သည် တပ်ပြေးပြီးနောက်ပိုင်းတွင်လည်း ပုံစံမျိုးစုံဖြင့် အခြားသော တပ်ဖွဲ့ဝင် လူငယ်များကိုပါ သွေးဆောင်ဖြားယောင်းကာ တပ်ပြေးမှုဖြစ်စေရန် လှုံ့ဆော်ခြင်းနှင့် တပ်ပြေးရာတွင် လမ်းကြောင်းအကူအညီများ ရှာဖွေပေးခြင်းတို့ကိုပါ စနစ်တကျလုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။

“စစ်ကောင်စီသည် ထိုဒလန်၊ သူလျှိုလူငယ်များကို စနစ်တကျ လေ့ကျင့်ပေးထားပြီး တော်လှန်ရေးတပ်ဖွဲ့များသို့ စေလွှတ်ကာ သတင်းအချက်အလက်ရယူခြင်းနှင့် တော်လှန်ရေးအင်အားစုများ အကြား စည်းလုံးမှုပြိုကွဲစေမည့် လုပ်ငန်းများကို လုပ်ဆောင်စေခြင်းဖြင့် စစ်ရေး အသာရမှုများ ရရှိရန် ကြိုးပမ်းလာသည်ကို တွေ့ရှိရသည်။ ထိုလုပ်ငန်းစဉ်များကို စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးမှ ကြိုးကိုင်ကြီးကြပ်ကာ အနီးကပ်လမ်းညွှန်မှုများ ပေးနေသည်ကို တွေ့ရှိရပြီး စစ်ဆင်ရေးတစ်ခုအသွင် စနစ်တကျ တစိုက်မတ်မတ် လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

MDY-PDF သည် ထိုသို့ စစ်ကောင်စီ၏ အသွင်ယူထောက်လှမ်းခြင်းကိုခံခဲ့ရသော်လည်း အချိန်မီသိရှိခဲ့သည့်အတွက် တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းများလုပ်ဆောင်ကာ ထိုယန္တရားလည်ပတ်ပုံ များကို စနစ်တကျစောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - MDY-PDF
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.