(စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် သားအဖနှစ်ဦးဒဏ်ရာရ)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၈/၂၀၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ဦးတည်ချီတက်လာသည့် စစ်ကောင်စီ၏စစ်ကြောင်းသည် လုံးခင်းကျေးရွာအနီးအရောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းနေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ အင်အား ၃၀၀ ခန့်ပါသည့် အဆိုပါစစ်ကြောင်းသည် ဖားကန့်မြို့နှင့် (၄)မိုင်ခန့်အကွာအဝေးတွင်ရှိသည့် လုံးခင်းကျေးရွာအနီးသို့အရောက်တွင် ယနေ့ မေလ ၂၈ ရက်၊ နံနက် ၇ နာရီခန့်တွင် KIA ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
ယင်းသို့တိုက်ခိုက်ခံရသဖြင့် ငြိမ်းချမ်းသာယာ၊ လယ်ပြင်နှင့် လုံးခင်း စသည့် နေရာသုံးခုတွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"စစ်ကြောင်းက နန့်တိန်ဖက်ကနေတက်လာတဲ့စစ်ကြောင်း။ ဖားကန့်မရောက်ခင် ဒီနေ့ မနက်က အဲဒီစစ်ကြောင်းကို KIA က တိုက်လို့ တိုက်ပွဲအခုထိပြင်းနေတယ်။ တိုက်ပွဲဖြစ်နေတာက လုံးခင်းရွာ၊ လုံးခင်းနဲ့ သိပ်မဝေးတဲ့ ရွာအပြင်ဖက်က လယ်ပြင်နဲ့ ငြိမ်းချမ်းသာယာဖက်မှာဖြစ်နေတာ" ဟု ပြောသည်။
စစ်ကောင်စီဖက်ကလည်း ဖားကန့်-လုံးခင်းလမ်းပေါ်ရှိ လုံးခင်းရွာတောင်ပေါ်ရှိ ရဲစခန်းမှနေ၍ လက်နက်ကြီးကျည်များဆက်တိုက်ပစ်ခတ်နေသည်ဟု သိရသည်။
လက်နက်ကြီးကျည်တချို့သည် လယ်ပြင်ကျေးရွာနှင့် အနီးအနားသို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် လယ်ပြင်တံတားပျက်စီးသွားပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ရသည်ဟု ဖားကန့်ရောက် ရခိုင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
"လုံးခင်းရဲစခန်းတောင်ကနေ လက်နက်တွေ ဆက်တိုက်ပစ်တယ်။ အခုထိလည်း ပစ်တုန်း။ ရဲစခန်းကလည်း အတိုက်ခံထားရတော့ အငြိုးတွေနဲ့ပစ်နေတာ။ လက်နက်ကျည်တွေက လယ်ပြင်ရွာမှာကျလို့ တံတားပေါက်သွားတယ်။ အိမ်တွေလည်း ပျက်စီးတယ်။ ထွက်ပြေးနေရတော့ နောက်ဘာဖြစ်လဲမသိရသေးဘူး" ဟု ပြောသည်။
ယမန်နေ့ မေလ ၂၇ ရက်၊ အရုဏ်တက်အချိန်ကလည်း လုံးခင်းရွာ၏တောင်ကုန်းပေါ်တွင် ရှိသည့် စစ်ကောင်စီ၏ရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်ခံရပြီးနောက် အဆိုပါရဲစခန်းက လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့သဖြင့် လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာရပ်ကွက်မှ အသက်(၄၀)အရွယ် ကချင်အမျိုးသားတစ်ဦးနှင့် အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်များပစ်ခတ်နေမှုကြောင့် လုံးခင်းကျေးရွာနှင့်အနီးအနားရှိကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့နှင့် ဘေးကင်းနိုင်သည့်နေရာများကို ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ပေးပို့
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။