ဂျင်စတင်သာအေး၊ နိရဉ္စရာ၊ မေ ၂၈/၂၀၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲ လူနာ ခြောက်ဦး တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မေလ ၁၈ ရက်မှ ၂၅ ရက်အတွင်း ကိုဗစ်သံသယရှိသူ နမူနာစုစုပေါင်း ၂,၇၅၄ ခုကို ဓာတ်ခွဲစစ်ဆေးရာတွင် ကိုဗစ်-၁၉ လူနာအသစ် ခြောက်ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါကိုဗစ်လူနာ ခြောက်ဦးသည် ဒဂုံ၊ အင်းစိန်၊ သာကေတ၊ ကော့မှူးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့မှဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုတွေ့ရှိထားသည့်လူနာများတွင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးနေရသည့်လူနာနှင့် ကိုဗစ်ကြောင့်သေဆုံးသူလူနာမရှိသေးဟုလည်း ဆိုသည်။
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှ အမျိုးသမီးတစ်ဦးက “လက်လုပ်လက်စားတွေအနေနဲ့ ဘာလုပ်လုပ်အဆင်မပြေဖြစ်နေတဲ့ကာလမှာ ကိုဗစ်ထပ်တွေ့တယ်ဆိုတော့ ကျန်းမာရေးအရရော၊ စားဝတ်နေရေးအရရော စိုးရိမ်မှုတွေရှိပါတယ်။ ကာကွယ်ဆေးကတော့ အရင် ကိုဗစ်လှိုင်းဖြစ်တုန်းက ထိုးထားပြီးပါပြီ။ အဲဒီကာကွယ်ဆေးက မကာကွယ်နိုင်တော့ဘူးလို့ သိရတယ်။ ထပ်ပြီး ကာကွယ်ဆေးထိုးပေးဖို့ကြေညာတာတွေတော့ မရှိသေးပါဘူး” ဟု ပြောဆိုသည်။
ယင်ခင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ယခု တကျော့ပြန်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားမှုကို ကာကွယ်မပေးနိုင်တော့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် ဒေသတွင်း အမြစ်တွယ်ကူးစက်မှုပုံစံသို့ ပြောင်းလဲလာပြီး မကြာခဏ မျိုးရိုးဗီဇပြောင်းလဲ ပေါ်ထွက်လာတတ်ခြင်းကြောင့် ရောဂါပိုးမျိုးကွဲများ ဆက်တိုက် ထွက်ပေါ်နေသည်ဟု သိရသည်။
ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာပြီး ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ကူးစက်မှုဖြစ်ပွားနေသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဟောင်ကောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စသည့် ဒေသတွင်းနိုင်ငံအချို့တို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည် မြင့်တက်လာကြောင်း သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှ မေလအတွင်း ကိုဗစ်-၁၉ လူနာ ၁၈၆,၉၅၅ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၆ ဦးအထိရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားမှုအား ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။