နိရဉ္စရာ၊ ဇွန်လ ၅/ ၂၀၂၅
ဇွန်လ ၄ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တာချီလိတ်ဒေသခံ ခရီးသည်များ၏ ခရီးဆောင်အိတ်များကို လေဆိပ်လုံခြုံရေး တာဝန်ရှိသူများက အတင်းဖွင့်ခိုင်းကာ တွေ့ရှိသည့် ထိုင်းဘတ်ငွေများအား ကိုယ်ကျိုးအတွက်သိမ်းဆည်းကာ ခရီးသည်တစ်ဦးစီမှ ငွေ ၃ သိန်းစီ တောင်းယူသည်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်ဟု ခရီးသည်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ အိမ်ပြန်တာရန်ကုန်လေဆိပ်အဝင်မှာ ဘယ်သွားမလဲမေးလို့ တာချီလိတ်လို့ပြောလိုက်တယ်။ဒီလိုပြောတော့ပိုက်ဆံအိတ်ယူလာခိုင်းတယ်။ဖွင့်ပေးဆိုလို့ဖွင့်ပေးလိုက်တယ်။ထိုင်းဘတ်ငွေတွေတွေ့သွားတယ်။ အဲဒါကိုအကုန်ယူတယ်။ဘတ် ၂သောင်းကျော်။ဒီမှာ မယူလာရဘူးပြောပီးသူ့အိတ်ထဲကိုအကုန်ထည့်တယ်။ ကိုယ်တွေကတာချီလိတ်ကဆိုတော့ ဘတ်ဘဲသုံးတာလေ။ ဒီတိုင်းသတိမထားဘဲ ယူလာမိတာကို အငမ်းမရ အိတ်ထဲကနှိုက်ယူတယ်။ ကျေနပ်လားဆိုပြီးမေးသေးတယ်” ဟု ၎င်းခရီးသည်က ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇွန် ၄ ရက် နံနက် ၇နာရီအချိန်က ဖြစ်ပွားခဲ့ပြီး သူစီးလာသည့် လေယာဉ်မှာ မြန်မာ့လေကြောင်း (MAI) ဖြစ်ပြီး လေယာဉ်အမှတ်မှာ-M844 ဖြစ်ကြောင်း၎င်းက ပြောသည်။
၎င်းပြင်လဝကကလည်းဘတ်ငွေတွေ့သွားသည့် တာချီလိတ် ခရီးသည်များထံက ၁ယောက်ကိုကျပ် ၃သိန်းစီတောင်းခံခဲ့သည်ဟုဆိုသည်။
“ ကျွန်တော်မှာတော့ ဘတ်နှစ်သောင်းပါသွားတယ်။ နောက်လူတွေလည်း တစ်ရာစ ၊ တစ်ထောင်စ ပါသွားပုံရတယ်။ လ၀ကက တစ်ယောက် ၃ သိန်းပေးမှပြန်လွှတ်မယ်ပြောပြန်ရော။ လေယျာဉ်ကထွက်တော့မယ့်အချိန်မှာသူကရစ်နေတာမပီးဘူး။ဒါနဲ့တောင်းသလောက်ပေးခဲ့ရတယ်။ကိုယ်နိုင်ငံမှာကိုယ်ခရီးသွားတာတောင် ဘာမှ လုံခြုံမှုမရဘူး။ ဟိုညစ်ဒီညစ်နဲ့”ဟု ပြောကြားသည်။
ယခုကဲ့သို့ မီဒီယာကို သတင်းပေးရခြင်းမှာ တာချီလိတ်ခရီးသည်များ ယခုလို ဖြစ်ရပ်မျိုးကို မကြုံတွေ့စေလိုသည့် စေတနာဖြင့် ပြောကြားရသည်ဟု ၎င်းက ပြောဆိုသည်။
“အဓိက မီဒီယာကို ပြောပြရတာက ကျွန်တော်လို တာချီလိတ် ခရီးသည်တွေ ရန်ကုန်လာရင် ဒီလို အဖြစ်မျိုးတွေကို မကြုံစေချင်လို့ ဒီသတင်းပြောပြရတာပါ။အမှန်က နိုင်ငံတော်အတွက် သိမ်းယူတယ်ဆိုလည်း ဟုတ်သေးတယ်။ အခုက သူတို့ ကိုယ်ကျိုးအတွက်ဘဲ သိမ်းသွားတာ။ သူတို့ တာချီလိတ်ခရီးသည်တွေကို ဒီလို လုပ်စားနေကျဖြစ်ပုံရပါတယ်။ တာချီလိတ်ခရီးသည်ဆိုတာနဲ့ တန်းပြီး အိတ်ဖွင့်ခိုင်းတာပါဘဲ" ဟု ပြောကြားသည်။
ရန်ကုန်လေဆိပ်တွင် နိုင်ငံခြားမှ ပြန်လာသည့် မြန်မာ့ခရီးသည်များ၊ ပြည်ပသို့ ထွက်ခွာသည့် မြန်မာခရီးသည်များကိုသာမက ပြည်တွင်းခရီးသည်များအပေါ် တွင်လည်း ယခုလို တရားမဝင် ငွေတောင်းခံမှုများရှိနေကြောင်း သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)