(မြို့ခံတွေစစ်ရှောင်နေကြဟုဆို)
နိရဉ္စရာ၊ ဇွန် ၇/ ၂၀၂၅
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီးတွင် တည်ရှိသည့် အမြောက်တပ် (အမတ-၃၄၄) တပ်နှင့် အနီးတဝိုက်မှ သေနတ်ပစ်ခတ်သံများကို ငသိုင်းချောင်းမြို့ပေါ်ကပါ ကြားနေရပြီး မြို့ခံများ စစ်ဘေးရှောင်နေကြရပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“သေနတ်ပစ်သံတွေကြားရတာက အမြောက်တပ် ၃၄၄ နဲ့ အနီးဝန်းကျင်က ကြားရတယ်။ တိုက်ပွဲဖြစ်နေတော့ ဘယ်သူမှ မသွားရဲဘူး။ အခြေအနေ ဘယ်လိုဖြစ်နေတယ်ဆိုတာ မပြောနိုင်သေးဘူး”ဟု ပြောသည်။
ယနေ့ ဇွန်လ ၇ ရက် နံနက်ကလည်း သေနတ်ပစ်သံများကို အမတ ၃၄၄ အနီးမှ ဆက်လက် ကြားနေရသည်ဟု ဆိုသည်။
“ ချနေတာကတော့ အပြင်းအထန်ချနေကြတာ။ ငသိုင်းချောင်းမြို့က အတိုင်းသားကြားနေရတယ်။ ထိတွေ့ တိုက်ပွဲလား။ အမြောက်တပ်ကို ဝင်တိုက်သလား။ ပြောဖို့ခက်တယ်။ ဖြစ်နေတာက အမတ ၃၄၄ အနီးမှာပေါ့။ အခု သေနတ်ပစ်သံတွေကို မြို့ပေါ်ကပါ ကြားလာရတော့ ငသိုင်းချောင်းမြို့ခံတွေ စစ်ရှောင်ကြရပြီ”လို့ ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။
လက်ရှိ အမြောက်တပ် ၃၄၄ အနီးတွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက ၎င်းအမြောက်တပ်ကို ဝင်တိုက်သလား (သို့မဟုတ်) အမြောက်တပ် အနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်နေသလားဆိုသည်ကို နိရဉ္စရာသတင်းဌာအနေဖြင့် အဆက်အသွယ် မရသေးသဖြင့် သေချာမပြောနိုင်သေးပါ။
၎င်းပြင် လွန်ခဲ့သည့် မေလ တတိယပတ်ကလလည်း AA က အမြောက်တပ်ကို ဝင်တိုက်တော့မည်ဟု သတင်းများထွက်ပေါ်လာသဖြင့် တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်သားအချို့ အမြောက်တပ် ၃၄၄ မှ ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်ဟု ၎င်းက ပြောသည်။
လက်ရှိဧရာ၀တီတိုင်းတွင် ရိုးမအရှေ့ခြမ်း ( ပုသိမ်- မုံရွာ) ကားလမ်းမကြီး၏ အနောက်ဘက် နယ်မြေတစ်လျှောက်ရှိ ကျေးရွာများကို AAနှင့် PDF တပ်ဖွဲ့များ သိမ်းပိုက်ထားပြီး (ပုသိမ်-မုံရွာ) ကားလမ်း အရှေ့ခြမ်းကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး နှစ်ဖက်စစ်ဆိုင်ထားသည်မှာ လအနည်းငယ် ကြာနေပြီဟု ဆိုသည်။ (ဓာတ်ပုံ- ဖေ့စ်ဘုတ်)