နိရဉ္စရာ၊ ဇွန် ၈/၂၀၂၅
ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် တည်ရှိသည့် အမြောက်တပ် (၃၄၄) အနီး မှ လက်နက်ငယ် ပစ်ခတ်သံများကို ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ပေါ်က အထင်းသား ပိုမိုကြားလာရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်ဦးက ပြောသည်။
“ခုလို လက်နက်ငယ်သံတွေကြားလာရတော့ မြို့နဲ့ ပိုနီးလာတဲ့ သဘောလို့ ပြောလို့ရပါတယ်။ ဒီနေ့မနက်က ပိုကြားလာရတယ်။ အရင်က လက်နက်ကြီးပစ်သံတွေဘဲ ကြားတာ။ ဒီနေ့ မနက်စပြီး လက်နက်ငယ်နဲ့ စက်သေနတ်တွေ အပြန်အလှန်ပစ်ခတ်သံတွေကို အနီးကပ် ကြားလာရပါတယ်” ဟု ပြောသည်။
ငသိုင်းချောင်းမြို့နှင့် အမြောက်တပ် (၃၄၄) မှာ ၁၀ မိုင်ပတ်လည်သာသာရှိပြီး ယခုကဲ့သို့ လက်နက်ငယ်သံများကို ကြားလာရသဖြင့် ဒေသခံများအကြား ပိုမိုစိုးရိမ်နေကြသည်ဟု ဆိုသည်။
“ အခုက အမြောက်တပ် ၃၄၄ ကို AA နဲ့ PDF တပ်ဖွဲ့တွေက ပတ်ဝိုင်းထားတဲ့ သဘောမျိုးလို့ ပြောပါတယ်။ အဲဒီ ၃၄၄ တပ်က ရခိုင်ရိုးမနဲ့ ကပ်နေပြီး ရေကြည်မြို့နယ် ပိုင်နက်ထဲမှာရှိတယ်။ မြို့နယ်နဲ့ အနောက်ခြမ်းမှာရှိတာ။ အဲဒီမှာ တိုက်ပွဲတွေဖြစ်နေတာ။ အမြောက်တပ်ကို ဝင်တိုက်ပြီလား ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ လက်နက်ငယ်တွေနဲ့ ပါ အပြန်အလှန်ပစ်တာကို ကြားနေရတယ်” ဟု ပြောဆိုသည်။
အဆိုပါ အမှတ် (၃၄၄) တပ်ရင်းအနီးတွင် တိုက်ပွဲဖြစ်နေသည်မှာ တစ်ပတ်ခန့် ရှိနေပြီဖြစ်ကာ လက်ရှိ ကျားကိုက်ရွာကိုတော့ AAက သိမ်းပိုက်ထားလိုက်ပြီဟု သတင်းရရှိကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများဘက်တွင် အသွားအလာပိတ်ပင်ထားပြီး စစ်ဆေးရေးတင်းကျပ်ထားသဖြင့် အခြေအနေမှန်ကို သိရှိရန် ခက်ခဲနေသည်ဟု ပြောဆိုသည်။
အဆိုပါ ငသိုင်းချောင်းပတ်ဝန်းကျင်တွင် စစ်ရှောင်နေကြသည့် ရခိုင်မှ စစ်ဘေးရှောင်များမှ အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲဖြစ်ပွားလာဖြင့် ထပ်မံစစ်ရှောင်ရရန် အခြေအနေဖြစ်နေသဖြင့် အထူးအခက်အခဲဖြစ်နေကြသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူ ဒေသတွင်းက လူမှုရေးသမား တစ်ဦးက ပြောသည်။
“ရခိုင်က လာပြီး စစ်ရှောင်နေကြသူတွေက ပိုမို အခက်အခဲဖြစ်နေကြတယ်။ သူတို့က ဟိုဘက် ပြေးရမလို၊ ဒီဘက်ပြေးရမလို ဖြစ်နေကြတာ။ ကိုယ့်ဒေသ ရခိုင်ဘက်ကို ပြန်မယ်ဆိုရင်လည်း ဒီဘက်က တားထားတယ်။ ပြန်ခွင့်မရဘူး။ ခိုးပြန်မယ်ဆိုရင် စရိတ်စခက ကြီးတော့ မပြန်နိုင်ကြဘူး”ဟု ပြောသည်။
လက်ရှိထူးခြားချက်အနေဖြင့် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်းဘက်မှ စစ်ဘေးရှောင် ဆရာ ဆရာမများ အနေဖြင့် ရန်ကုန်ဘက်ကို အပြောင်းလျှောက်ထားမှု များပြားနေသည်ဟု သိရသည်။