မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁ဝ /၂ဝ၂၅
တော်လှန်ရေးတပ်ဖွဲ့များထံ ပစ်ချခံလိုက်ရသည့် တိုက်လေယာဉ်သည် စက်ချို့ယွင်း၍ ပျက်ကျသွားခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် လိမ်လည်ထုတ်ပြန်လိုက်သည်။
အဆိုပါတိုက်လေယာဉ်သည် ယနေ့ ဇွန်လ ၁ဝ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၂ဝဝဝ ခန့်အကွာ စပါးစေ့ကျေးရွာအနီးတွင် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပျက်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမှန်တကယ်တွင် အဆိုပါတိုက်လေယာဉ်သည် ပုလဲမြို့နယ်၊ ကန်ထောင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပစ်ချခြင်းကိုခံလိုက်ရ၍ မီးလောင်ပျက်ကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု PLA က ရုပ်သံများ၊ ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ထုတ်ပြန်ထားသည်။
အဆိုပါဂျက်ဖိုက်တာသည် ပုလဲမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း ဘုန်းကြီးကျောင်းဝင်းသို့ ပျက်ကျမီးလောင်သွားခဲ့ပြီး လေယာဉ်အပိုင်းအစများနှင့် လူဦးခေါင်းခွံတစ်ခုကိုလည်း တွေ့ရှိရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
သို့သော် လေယာဉ်မှူးသေဆုံးခြင်းရှိ/မရှိဆိုသည်ကို စိစစ်နေဆဲဖြစ်သည်ဟု PLA က ထုတ်ပြန်ထားသည်။
ကန်ထောင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ယနေ့တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာသုံးစီး လာရောက်တိုက်ခိုက်စဉ် ယင်းအနက် တစ်စီးကို PLA က ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
PLA သည် ကန်ထောင့်ရဲစခန်းကို ဇွန် ၂ ရက်မှစတင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာပို့သော စစ်ရဟတ်ယာဉ်နှစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အသေခံဒရုန်းများဖြင့် ပစ်ချနိုင်ခဲ့သည်။
အဆိုပါရဟတ်ယာဉ်ပျက်ကျမှုကိုလည်း စစ်ကောင်စီက စက်ချို့ယွင်း၍ ပျက်ကျခဲ့သည်ဟု လိမ်လည် သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ - ပစ်ချခံရပြီးနောက် မီးလောင်ပျက်သွားသည့် ဂျက်ဖိုက်တာ၏အပိုင်းအစများအား တွေ့ရစဉ်။ (Photo – PLA)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။