လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၁၁ /၂၀၂၅
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အပိုင် ရွာများအား ရွာစဉ်လှည့်မီးရှို့ပြီး ပေါင်းတည်မြို့နယ်၊ အပိုင်ညောင်နီပင်ရွာမှထွက်လာသော စစ်ကောင်စီ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာ ၁၁ ဦးသေဆုံးပြီး ရှစ်ဦးအပြင်းအထန်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းကို ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု၊ ညောင်နီပင်ရွာနှင့် မအူကွင်းရွာကြားတွင် ဇွန်လ ၃ ရက်၊ နံနက် ၉ နာရီ၌ တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပေါင်းတည် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းက ယနေ့ ဇွန်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါစစ်ကြောင်းသည် ပေါက်ခေါင်းမြို့နယ်အပိုင် သိုက်ချောင်းရွာ၊ ကွမ်းအုံစုရွာ၊ အိုင်စောက်ရွာ၊ မြေနီကုန်း၊ သဖန်းကိုင်းရွာ၊ ဒလမဲရွာ၊ မရိုးကျွန်းရွာ၊ ပြန်ချီတက်ရွာများအား ရွာစဉ်လှည့်မီးရှို့ပြီး ပေါင်းတည်မြို့နယ်အပိုင် ညောင်ပင်ရွာမှထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂)စစ်ဆင်ရေး နယ်မြေ ဗျူဟာ(၂၁)လက်အောက်ခံ ၃၆၀၁ တပ်ရင်း၊ ၃၆၀၂ တပ်ရင်းတပ်ရင်းရုံး၊ တပ်ခွဲ(၃) တပ်ခွဲ(၄)၊ ပြည်ခရိုင်(ပကဖ)၊ ရွှေတောင်(ပကဖ)၊ ပေါက်ခေါင်း(ပကဖ)နှင့် ၃၈၀၁ တပ်ရင်းတပ်ခွဲ(၃)နတ်စစ်သည်အဖွဲ့၊ တပ်ခွဲ(၆)ဧရာညီနောင်အဖွဲ့တို့က အတူပူးပေါင်းပြီး ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းနှစ်လက်၊ MA1 နှစ်လက်၊ MA3 ခြောက်လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ MA1 ကျည်ဘောက်သုံးခု၊ MA3 ကျည်ဘောက်ငါးခု၊ G3 ကျည်ဘောက်နှစ်ခု၊ 5.56 ကျည် (၅၆)တောင့်၊ 7.62 ကျည်(၁၆)တောင့်၊ အိုင်ကွန်တစ်လုံး၊ WY စိတ်ကြွဆေး(၁၅၀)ပြားနှင့် အခြားစစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။