လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၂၁ /၂၀၂၅
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉)သင်တန်းဆင်းပွဲအခမ်းအနားသို့ အာရက္ခတပ်တော်(AA) တက်ရောက်ခဲ့သည်ဟု သိရသည်။
အဆိုပါ အပတ်စဉ်(၉)သင်တန်းဆင်းပွဲကို ဇွန်လ(၇)ရက်နေ့က တအာင်းပြည်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ AA မှ တပ်မှူးတစ်ဦးနှင့်အတူ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဋ္ဌ ခွန်းဘီထူး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ စစ်ဦးစီးချုပ်နှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုဥက္ကဋ္ဌနှင့် BPLA ၏ ကွပ်ကဲရေးမှူး မောင်ဆောင်းခတို့ တက်ရောက်ခဲ့ကြကြောင်း BPLA က ယနေ့ ဇွန် ၂၁ ရက်တွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
“မဟာမိတ်ခေါင်းဆောင်များသည် တော်လှန်ရေးအောင်မြင်ရန် မတူညီသော အင်အားစုများအကြား ညီညွတ်ရေးလိုအပ်ကြောင်းနှင့် မိမိတိုဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မည်ဖြစ်ကြောင်း အဓိကထားပြောကြားခဲ့ကြပြီး သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထူးချွန်ဆုရရှိသူများတွင် လက်ဖြောင့်ဆု ရရှိသွားသည့် စစ်မေသည် ၁၀၂၇ စစ်ဆင်ရေး၌ မြင့်မြတ်စွာအသက်ပေးခဲ့သော အာဇာနည်ရဲဘော်အောင်ပိုင်၏ ညီမဖြစ်ကြောင်း အမှတ်(၂၀၃)စစ်ဒေသ၊ ဗျူဟာမှူးက သင်တန်းဆင်းပွဲအစီရင်ခံချက်တွင် ထည့်သွင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် သင်တန်းဆင်းရဲဘော်များကို လက်နက်များပေးအပ်တပ်ဆင်ခဲ့ပြီး အမှတ်(၂၀၃)စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုလည်းတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း BPLA ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ - BPLA
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။