Preview

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ထီးကပလယ် တပ်စခန်းကို ကရင်တပ်များသိမ်းပိုက်

လူထက်နိုင် | ဇွန် ၂၃/ ၂၀၂၅ | ကြည့်ရှုသူ :1459
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၂၃ /၂၀၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကပလယ်စစ်စခန်းကို ကရင်တပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ယနေ့ ဇွန် ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ် မြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ကျူးကျော် တပ်စွဲထားသော ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O)တို့၏ ဦးဆောင်မှု ဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (P.D.F)တို့ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ ဇွန်လ ၂၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

မာနယ်ပလောဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလမှ စတင်ကာ ကေအဲန်ယူ ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့သော်လည်း နှစ်နှစ်မပြည့်မီ ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့စစ်တပ်က ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

ယင်းနောက် ၂၈ နှစ်အကြာတွင် ပြန်လည် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

ထီးကပလယ် စစ်စခန်းကို ကရင်တပ်များ သိမ်းပိုက်စဉ် စစ်ကောင်စီစစ်သားများ ထိုင်းဘက်သို့ ထွက်ပြေးခြင်းများရှိကြောင်းလည်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကိုလည်း တော်လှန်ရေးတပ်များက ဇွန်လ ၃ ရက်တွင် သိမ်းပိုက်ရရှိခဲ့ရာ ဇွန်လအတွင်း စစ်တပ်စခန်း နှစ်ခုကို KNLA က ဆက်တိုက် သိမ်းပိုက်နိုင်ခြင်းလည်းဖြစ်သည်။

KNU က ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်ရန် စစ်ကောင်စီ၏ ဥကရစ်ထ၊ ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ် စစ်တပ်စခန်း တို့သာကျန်ရှိတော့ကြောင်း သိရသည်။

KNU က မတ်လ၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်း၊ သေ့ဘောဘိုးစခန်း၊ ထီးကပလယ်စခန်းတို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ဓာတ်ပုံ - KNU
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.