နိရဉ္စရာ၊ ဇွန် ၂၄/ ၂၀၂၅
တအာင်းပြည်၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး၂ ဦးအပါအဝင် အရပ်သား (၄)ဦး သေဆုံးပြီး(၄)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းPSLF/TNLA သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် ဇွန်လ ၂၄ ရက် ညနေပိုင်းအချိန်တွင် ကျောက်မဲမြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက် (၇)အတွင်းသို့ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀)ဗုံး (၂)လုံးဖြင့် လာရောက်ကြဲချသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေကြောင်းဖြင့် (၂)ကြိမ် ဗုံးလာရောက်ကြဲချမှုကြောင့်အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။၎င်းအပြင် ပြည်သူလူထုများ၏ နေအိမ် (၁၀)လုံးလည် ထိခိုက်ပျက်စီးသွားခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီတပ်သည်အပစ်ရပ်ထားသည့်အချိန်တွင်တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိဘဲ ပြည်သူလူထုများကိုရည်ရွယ်ချက်ရှိရှိ ဦးတည်၍တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့လည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို စစ်ကောင်စီတပ်သည် ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့်ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူလူထုများ၏ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးသွားခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်ဟုလည်းဖော်ပြထားသည်။