သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၅/၂၀၂၅
ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်၊ လူရွယ်များအား စစ်ကောင်စီက အရပ်ဝတ်ဖြင့် စစ်ဆေးဖမ်းဆီးလာနေကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ လူနေထူထပ်သည့်နေရာများနှင့် လူသွားလူလာများသည့် ကားမှတ်တိုင်များတွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်ဝတ်ကာ လူငယ်၊ လူရွယ်များအား စောင့်ဆိုင်းဖမ်းဆီးလာနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အချို့ဆိုလျှင် လိုင်းကားများပေါ်သို့တက်ပြီး ဖုန်းများအား အတင်းအဓမ္မယူကာ စစ်ဆေးမှုများပြုလုပ်နေသည်ဟု လွတ်မြောက်လာသူအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"ကားမှတ်တိုင်တွေမှာ စောင့်နေတယ်။ သူတို့က အရပ်ဝတ်ဝတ်ထားတယ်။ ဆယ်ယောက်လောက်စီပါတယ်။ ကားပေါ်ကိုတက်ပြီး ဖုန်းတွေကို အတင်းဆွဲယူပြီး စစ်တယ်။ ကျနော်က ခါးပိုက်နှိုက်အဖွဲ့ထင်တာ။ နောက်တော့ ကျနော့်ဖုန်းကို စစ်တယ်။ ကျနော့်မှာ ဘာမှမရှိတော့ မဖမ်းဘူး။ ဒါပေမယ့် ခြေထောက်ကို တမင်အားနဲ့တက်နင်းသွားတယ်။ နောက်ကျနော်ရှေ့က ကောင်လေး နှစ်ယောက်လောက်ကို ဖမ်းသွားတယ်။ ကားပေါ်မှာဆိုတော့ ဘယ်သူဘယ်ဝါမသိရဘူး" ဟု ပြောသည်။
ရန်ကုန်တွင် စစ်ဆေး၊ ဖမ်းဆီးမှု တနေ့ထက်တနေ့ကြမ်းလာပြီး နေအိမ်များ၊ ရပ်ကွက်များတွင် ပေါ်တာဆွဲမှုများပြုလုပ်နေသဖြင့် ယခင်ကထက် အနေအထိုင်၊ အသွားအလာဆင်ခြင်နေရသည်ဟု ရခိုင်လူငယ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"စစ်ကောင်စီက သူတို့မသင်္ကာရင် မသင်္ကာသလို ဖမ်းတာ။ ရခိုင်ဆိုရင် AA၊ ဗမာဆိုရင် PDF ၊ အထူးသဖြင့် နယ်ကလူတွေဆိုရင် စစ်ဆေးရင်တောင် မတရားရိုက်နှက်ပြီးစစ်တာ။ တခြားတိုင်းရင်းသားဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ပေါ့။ အဲလိုသံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတာပါ"ဟု ပြောသည်။
ဓာတ်ပုံ - ရန်ကုန်တွင် ၂ဝ၂၁ ခုနှစ်၊ မေလ ၇ ရက်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲအတွင်း ပါဝင်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့စဉ်။ (Photo - AFP)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။