နိရဥ္ဇရာ၊ ဇွန် ၂၆ /၂၀၂၅
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုကြောင့်စစ်ကောင်စီ တပ်ဖွဲ့ဝင်( ၇ )ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်များနှင့် အတူ စစ်သုံ့ပန်း(၂၂)ဦးဖမ်းဆီးရမိခဲ့ကြောင်း NUG ကသတင်းထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်များကို“စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး” အဖြစ်ဇွန်လ(၂၆)ရက်နေ့ကအမှတ်(၂) စစ်ဒေသခွဲ(JOC)၏ကွပ်ကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ဆင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်( ၇ )ဦးထက်မနည်းသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်မှာအထိအခိုက်များစွာဖြင့်ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ကြကာ (၂၂)ဦးကိုလည်းစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင်လက်နက်မျိုးစုံ (၂၈)လက်နှင့်ခဲယမ်းများ၊အခြားစစ်သုံးပစ္စည်းအမြောက်အများကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂)စစ်ဆင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၅) တပ်ရင်း၃၇၀၂၊အထူးကွန်မန်ဒိုတပ်ရင်း၊Spring Warrior Column နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊တပ်ရင်း(၈)၊တပ်ရင်း(၉)တို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။