Preview

ဘယ်လာရုစ်နိုင်ငံက စစ်ကောင်စီထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထားပြီး စစ်ဘက်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေဟု Justice For Myanmar ထုတ်ပြန်

မောင်စာဂ | ဇွန် ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :819
ပြည်တွင်း သတင်း

(ဘယ်လာရုစ်နှင့် မြန်မာနိုင်ငံအကြား မသမာစီးပွားရေး လုပ်ငန်းများနှင့် ပံ့ပိုးကူညီနေသူများကို အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆို)

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၈/၂ဝ၂၅

ဘယ်လာရုစ်နိုင်ငံအစိုးရက စစ်ကောင်စီထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထားပြီး စစ်ဘက်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေသည်ဟု Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။

မြန်မာစစ်အုပ်စုအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်တစ်ရပ် ရောင်းချထောက်ပံ့ခြင်း၊ စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်မှ စစ်ဘက်ဝန်ထမ်းများအား ဘယ်လာရုစ်တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးခြင်းတို့အပါအဝင် ဘယ်လာရုစ်အစိုးရနှင့် မြန်မာစစ်အုပ်စုတို့အကြား ဆက်လက်ရှိနေသည့် အရေးပါသော စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ အထောက်အထားအသစ်များကို သိရှိထားသည်ဟု Justice For Myanmar ၏ ယနေ့ ဇွန်လ ၂၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လျှို့ဝှက်ပေါက်ကြားလာသည့် မြန်မာ့လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ဘယ်လာရုစ် အာဏာပိုင်များအကြား ပေးစာတွင် မြန်မာ့လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဘက်မြင်ရေဒါနည်းပညာနှင့် မြေပြင်အခြေစိုက်ဒုံးကျည်စနစ်များ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာများ လွှဲပြောင်းရောင်းချမှုများကို အတည်ပြုနိုင်သည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကို နိုင်ငံပိုင်ကုမ္ပဏီ Belspetsvnesh-technika (BSVT) မှတဆင့် ရောင်းချထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ယင်းစနစ်တွင် တော်လှန်ရေးအင်အားစုများ အသုံးပြုသည့် ဒရုန်းများအပါအဝင် ဝေဟင်ရှိအရာဝတ္ထုများအား ရှာဖွေနိုင်ပြီး ပစ်မှတ်များအား အလိုအလျောက် ခြေရာခံလိုက်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသော “မြင်ကွင်းကျယ်” အလိုအလျောက် ထိန်းချုပ်စနစ်နှင့် Vostok သုံးဘက်မြင် ရေဒါနည်းပညာတို့ ပါဝင်သည်ဟု သိရသည်။

မြန်မာဘက်ဝန်ထမ်းများသည်လည်း Belarusian State University of Informatics and Radioelectronics (BSUIR)တွင် ကျောင်းလျှောက်ထား တက်ရောက်လျက်ရှိပြီး လေကြောင်းကာကွယ်ရေး စနစ်များအတွက် ရေဒီယို-အီလက်ထရောနစ် အင်ဂျင်းနီးယားရင်းပညာရပ်များတွင် သုတေသနများ ဆောင်ရွက်လျက် ရှိသည်ဟု ဖော်ပြထားသည်။

ယင်းကျောင်းသားများသည် နေပြည်တော်ရှိ အမှတ် (၄) ကာကွယ်ရေး ပစ္စည်းစက်ရုံနှင့် မန္တလေးရှိ အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်းတို့အပါအဝင် အရေးပါသည့် စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံများနှင့် ဆက်နွယ်နေသူများ ဖြစ်သည်ဟု သိရသည်။

ဘယ်လာရုစ်စစ်လက်နက်စက်ရုံများ၊ စစ်ဘက်အင်ဂျင်နီးယားရင်းနှင့် လေ့ကျင့်ရေးအစီအစဉ်များရှိသည့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များသည်လည်း ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ခဲ့ ပြီး မြန်မာစစ်အုပ်စုမှ တိုက်ရိုက်အသုံးချနိုင်သည့် မြန်မာတက္ကသိုလ်များနှင့် သဘောတူစာချုပ်များကို ချုပ်ဆို ခဲ့ကြသည်ဟု သိရသည်။

blob
ဓာတ်ပုံ - စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံစဉ်။

မကြာသေးမီရက်ပိုင်းက ဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဇွန်လ ၂၇ ရက်၊ ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်ဟု ယနေ့ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ယင်းသို့ ပြောကြားရာတွင် တစ်ဦးချင်းစီသင်ကြားရသည့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်နားလည်နိုင်ရေး ကြိုးပမ်းသွားရန်လိုသကဲ့သို့ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ် လေ့လာအားထုတ်သွားကြရန်လိုကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်ဘက်ဝန်ထမ်းတွေကို လက်ခံထားတဲ့ တက္ကသိုလ်တွေအပါအဝင် ဘယ်လာရုစ်အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ မဖြစ်မနေချမှတ်ပါ။ ဘယ်လာရုစ်နိုင်ငံကတဆင့် မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှု မှန်သမျှ တားဆီးဟန့်တားနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။ Dynasty Group အပါအဝင် စစ်လက်နက်ပွဲစားတွေ၊ ဘယ်လာရုစ်နဲ့ မြန်မာနိုင်ငံအကြား မသမာစီးပွားရေး လုပ်ငန်းတွေနဲ့ ပံ့ပိုးကူညီနေတဲ့သူတွေကို အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စု၏ လေတပ်က အရပ်သားပြည်သူများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများ ပစ်မှတ်ထားလုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်မှုများကို ဖြစ်စေကာ၊ စစ်ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လွတ်ကင်းစွာဖြင့် ကျူးလွန်လျက်ရှိသည်ဟုလည်း Justice For Myanmar က ဖော်ပြထားသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခု ၂၀၂၅ ခုနှစ်အတွင်းမှာပင် ဘယ်လာရုစ်နိုင်ငံမြို့တော် မင့်ဇ်သို့ နှစ်ကြိမ်တိုင် သွားရောက်ထားပြီဖြစ်ပြီး မြန်မာစစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများတွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဘယ်လာရုစ်၏ ပါဝင်ပတ်သက်မှုတို့ကို တိုးမြင့်လာစေခဲ့သည်ဟု Justice For Myanmar က ဆိုသည်။

blob
ဓာတ်ပုံ - စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko တို့ ဇွန်လ ၂၇ ရက်က တွေ့ဆုံစဉ်။

ယခုတစ်ကြိမ်သွားရောက်သည့် ဘယ်လာရုစ်နိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko တို့ ယမန်နေ့တွင် တွေ့ဆုံခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ(Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဓာတ်ပုံ - Justice For Myanmar နှင့် MOI

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.