Preview

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာသွားရောက်ခွင့်ကိုကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုပေးရန်ICRC တိုက်တွန်း

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၂၉/ ၂၀၂၅ | ကြည့်ရှုသူ :990
ပြည်တွင်း သတင်း

နိရဉ္စရာ၊ဇွန်၂၉/၂၀၂၅

မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များအားလုံးအားအပြည်ပြည်ဆိုင်ရာ  လူသားချင်းစာနာ ထောက်ထားမှုဥပဒေကိုအပြည့်အဝလေးစားလိုက်နာပြီးထိခိုက်ခံစားခဲ့ရသည့်ဒေသများအားလုံးတွင်ရှိသည့်ရပ်ရွာလူထုများထံသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာသွားရောက်ခွင့်ကိုကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုပေးရန်အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC ) သည်တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံလက်နက်ကိုင်ပဋိပက္ခနှင့်ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့်လူမှုဘဝများအားပြန်လည်တည်ဆောက်ခြင်း”  ခေါင်းစဉ်ဖြင့်ဇွန်လ၂၇ရက်နေ့ထုတ်ပြန်ချက်ထိုသို့တိုက်တွန်းထားခြင်းဖြစ်သည်။

၎င်းပြင်ပဋိပက္ခတွင်ပါဝင်သည့်အဖွဲ့များကတိုက်ခိုက်မှုများခေတ္တယာယီရပ်တန့်ခြင်းကိုအချိန်တိုးမြှင့်ထားသော်လည်းနေရာတော်တော်များများတွင်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသည်ဟုICRC  ဆိုသည်။

ဖျက်အားကြီးသည့် ငလျင်တစ်ခု မြန်မာနိုင်ငံအလယ်ပိုင်းကိုရိုက်ခတ်ခဲ့သည်မှာ သုံးလတာကြာမြင့်ခဲ့ပြီးနောက်နိုင်ငံအတွင်းရှိလူပေါင်းထောင်ပေါင်းများစွာမှာ၎င်းတို့၏လူမှုဘဝများကိုပြန်လည်တည်ဆောက်ရန်နှင့်နေ့စဥ်လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်ရုန်းကန်နေကြရဆဲဖြစ်ကြောင်း၊နောက်ဆုံးရအချက်အလက်များအရ၊ထိခိုက်ခံစားခဲ့ရသည့်ဒေသများတွင်လူပေါင်း၃,၇၀၀ကျော်သေကျေပျက်စီးခဲ့ပြီးလူပေါင်း၅,၀၀၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာလူပေါင်း၅၀နီးပါးမှာယခုအချိန်အထိပျောက်ဆုံးနေဆဲဖြစ်ကြောင်းဖော်ပြထားသည်။ 

ငလျင်မတိုင်မီကတည်းကဆယ်စုနှစ်ပေါင်းများစွာဖြစ်ပွားလျက်ရှိသည့်လက်နက်ကိုင်ပဋိပက္ခကြောင့်လူပေါင်းသန်းချီနေရပ်ရွှေ့ပြောင်းနေထိုင်နေလျက်ရှိသည့်မြန်မာနိုင်ငံသည်ကမ္ဘာတစ်ဝန်းတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီကိုအများဆုံးလိုအပ်နေသည့်နိုင်ငံများအနက်တစ်ခုအပါအဝင်ဖြစ်သည်ဟုဆိုသည်။

အိုင်စီအာရ်စီရန်ကုန်ကိုယ်စားလှယ်ရုံးကမြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Arnaud de Baecque က“ငလျင်နောက်ပိုင်းမှာလူထုကသူတို့ရဲ့လူမှုဘဝတွေကိုပြန်လည်တည်ဆောက်ဖို့အတွက်ရုန်းကန်နေတာကိုမြင်ရတာဝမ်းနည်းဖွယ်ရာဖြစ်ပါတယ်။ဒါကဆက်လက်ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခကြောင့်နဂိုကတည်းကမှကြီးကြီးမားမားထိခိုက်ခံစားနေရတဲ့လူထုရဲ့လူမှုဘဝတွေထပ်မံဖျက်ဆီးခံလိုက်ရတယ်ဆိုတာကိုမေ့ထားလို့မရပါဘူး။သူတို့ရဲ့ပြန်လည်ထူထောင်ရေးခရီးလမ်းတစ်ဆင့်စီတိုင်းမှာကျွန်ုပ်တို့ကသူတို့နဲ့အတူရပ်တည်နေပါတယ်။” ဟုပြောပါသည်။

၎င်းပြင်ကမ္ဘာကြီးအနေဖြင့်မြန်မာနိုင်ငံကိုမျက်ကွယ်ပြုထားလို့မရကြောင်း၎င်းကပြောဆိုသည်။

 “ကမ္ဘာကြီးအနေနဲ့ဒါတွေကိုမျက်ကွယ်ပြုထားလို့မရပါဘူး။နိုင်ငံတကာအသိုင်းအဝိုင်းကသူတို့ရဲ့ပံ့ပိုးမှုတွေကိုမြှင့်တင်ဆောင်ရွက်သွားရပါမယ်။”

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)သည်မြန်မာနိုင်ငံကြက်ခြေနီအသင်း၊အခြားဒေသတွင်းမိတ်ဖက်များနှင့်အတူလက်တွဲကာမန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ရှိအများဆုံးထိခိုက်ခံစားခဲ့ရသည့်ရပ်ရွာလူထုများ၏အဆောတလျင်လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်လွန်ခဲ့သည့်၃လတာကာလအတွင်းလုပ်ငန်းများကိုမနားမနေဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်လူပေါင်း၁၁၁,၀၀၀ကျော်သည်အိုင်စီအာရ်စီကပေးအပ်သည့်အထောက်အပံ့များဖြစ်ကြသည့်ဘေးကင်းသည့်သောက်ရေ၊အစားအစာ၊တာပေါ်လင်၊နေရောင်ခြည်စွမ်းအင်သုံးမီး၊မရှိမဖြစ်လိုအပ်သည့်အိမ်သုံးပစ္စည်းများ၊အရေးပေါ်လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်ငွေကြေးနှင့်အတူဆေးရုံများနှင့်ရွေ့လျားဆေးပေးခန်းများအားဖြင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရရှိခဲ့သည်ဟုဖော်ပြသည်။  

၎င်းတို့အနက်မန္တလေး၊စစ်ကိုင်းနှင့်ရှမ်းပြည်နယ်တို့ရှိလူပေါင်း၄၉,၀၀၀ကျော်သည်ပိုမိုဘေးကင်းသည့်နေထိုင်မှုအခြေအနေများပြန်လည်တည်ဆောက်ရန်နှင့်ကျန်းမာရေးဆိုင်ရာဘေးအန္တရာယ်များကိုကာကွယ်ရာတွင်အထောက်အကူဖြစ်စေမည့်ဘေးကင်းသည့်ရေ၊မိလ္လာအဆောက်အအုံနှင့်သန့်ရှင်းရေးဆိုင်ရာရရှိနိုင်မှုပိုမိုကောင်းမွန်လာစေရန်ဆောင်ရွက်သည့်ကျွန်ုပ်တို့၏လုပ်ငန်းများအားဖြင့်အကျိုးဖြစ်ထွန်းခဲ့သည်ဟုဆိုသည်။

ထို့ပြင်အိုင်စီအာရ်စီသည်သင်တန်းများ၊စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာပစ္စည်းများနှင့်အသေးစားစီးပွားရေးလုပ်ငန်းအတွက်ထောက်ပံ့ခြင်းအားဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာအခွင့်အလမ်းများကိုဆက်လက်ပံ့ပိုးလျက်ရှိသလို တစ်ပြိုင်နက်တည်းမှာပင်သဘာဝဘေးနှင့်ပဋိပက္ခဒဏ်ကိုခံခဲ့ရသည့်ဒေသများတွင်ရပ်ရွာလူထုအားပေါက်ကွဲစေတတ်သည့်စစ်ကျန်လက်နက်ပစ္စည်းများ၏ဘေးမှကင်းဝေးစွာနေထိုင်နိုင်စေရန်ထောက်ကူပေးမည့်ဘေးအန္တရာယ်အသိပညာပေးပွဲများကိုလည်းကျင်းပလျက်ရှိကြောင်းဖြင့်လည်းဖော်ပြထားသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.