နိရဉ္စရာ၊ ဇွန် ၂၉/ ၂၀၂၅
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကြားက ထွက်ပြေးကြသည့် စစ်ကောင်စီ တပ်ပြေးများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ သတင်းပေးမှုကြောင့် ပြန်လည်ဖမ်းမိသွားသည့် ဖြစ်စဉ်များရှိနေသည်ဟု သတင်းရရှိသည်။
ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ငသိုင်းချောင်းမြို့ အနီးရှိ အမြောက်တပ် (၃၄၄) မှ ဇွန် (၁၂)ရက်နေ့တွင် တိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီတပ်ပြေး (၁၆)ယောက် အနက် (၈)ဦးသာ လွတ်မြောက်သွားပြီး ကျန်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ သတင်းပေးမှုကြောင့် ပြန်ဖမ်းမိသွားသည်ဟု သတင်းအထူးတပ်ဖွဲ့-ပုသိမ်က သတင်းဖော်ပြသည်။
ရေကြည်မြို့နယ် သပြေအိုင်အုပ်မှူး မြင့်ဌေးနှင့် ဇရပ်လှအုပ်မှူး အေးဆောင်တို့မှ နယ်မြေအတွင်း ရောက်ရှိသော တပ်ပြေးများကို အမတ (၃၄၄)သို့သတင်းပေး၍ ဖမ်းဆီးခိုင်းခဲ့သဖြင့် ၈ ဦးကို ပြန်ဖမ်းမိသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အလားအတူ ဇွန် (၂၂)ရက်နေ့တွင်လည်း ရေကြည်မြို့နယ် လယ်တီကျေးရွာသို့တပ်ပြေး (၁၅)ဦး ရောက်လာပြီး အိမ်တအိမ်တွင် ထမင်းတောင်းစားနေစဉ်တက်စီငှားကြရာ ဒေသခံများကကျုံပဒုတ်အုပ်မှူး အောင်ဝင်းထံ သတင်းပို့လိုက်သဖြင့် အိုင်သပြုလမ်းဆုံနှင့် ပန်းတောကြီးတံတားဂိတ်မှ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။
လက်ရှိ ငသိုင်းချောင်းမြို့အနီးရှိ စာစမ်းဥအဆင်းဘက်တွင်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲများဖြစ်ပွားနေပြီး ငသိုင်းချောင်းတွင် စစ်ကောင်စီတပ်သားများ စစ်ကူလိုက်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။