လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၃ /၂၀၂၅
စစ်ကောင်စီ၏ ပျောက်ဆုံးသွားသည့် တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးတွင် ရုပ်အလောင်းနှစ်လောင်းနှင့်အတူ ပျက်ကျလျက်တွေ့ရှိထားသည်ဟု ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်ကနိရဉ္ဇရာကို အတည်ပြုပြောကြားသည်။
အဆိုပါတိုက်လေယာဉ်အပျက်အစီးများနှင့် ရုပ်အလောင်းနှစ်လောင်းကို ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးတွင် ယနေ့ ဇူလိုင်လ ၃ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စိစစ်ရှင်းလင်းနေကြောင်းလည်း ဒေသခံစစ်ရေးသတင်းအရင်းမြစ်က ဆိုသည်။
ဒေသခံစစ်ရေးသတင်းအရင်းအမြစ်က“ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ လေယာဉ်အစိတ်အပိုင်းကို တွေ့ရှိခဲ့တာပါ။ အခုရှင်းလင်းနေပါတယ်။ အလောင်းနှစ်လောင်းတွေ့တယ်။ မီးလောင်နေတာ။ လေယာဉ်မှူးတွေဖြစ်ဖို့များတယ်” ဟု နိရဉ္စရာကို ပြောသည်။
အဆိုပါ စစ်ကောင်စီ၏လေယာဉ်သည် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေသည့် ဖားဆောင်းမြို့ကို ဗုံးကြဲရန်လာစဉ် ပျက်ကျသွားခြင်းဖြစ်ကြောင်း စစ်ရေးသတင်း အရင်းအမြစ်သုံးသပ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစ၍ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဖားဆောင်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
ယခုပျက်ကျခဲ့သည့်တိုက်လေယာဉ်သည် ဇူလိုင်လ (၁) ရက်နေ့ ညပိုင်းတွင် နေပြည်တော်၏ အရှေ့တောင်ဘက် (၁၃၀) ကီလိုမီတာအကွာတွင် ပျံသန်းနေစဉ် ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်ရေး ပြတ်တောက်ကာ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ယနေ့ ဇူလိုင်လ ၃ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ယခုပျက်ကျသွားသည့် တိုက်လေယာဉ်ပျက်ကျမှုမှာ ယခုနှစ်အတွင်း စစ်ကောင်စီ၏ လေးစီးမြောက် လေယာဉ် ပျက်ကျခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ပစ်ချခဲ့သဖြင့် တရုတ်လုပ် F-7 တိုက်လေယာဉ် ပျက်ကျခဲ့ရပြီး လေယာဉ်မှူး သေဆုံးသည်။
အလားတူ မေလ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စကခ ၂၁ အတွင်းသို့ စစ်ကူလာသည့် စစ်တပ်ရဟတ်ယာဉ် သုံးစီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် နှစ်စီး ပျက်စီးသွားခဲ့ပြီး စစ်တပ်ဘက်မှ လေယာဉ်မှူးအပါအဝင် စစ်သား အနည်းဆုံး ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ဓာတ်ပုံ - စစ်ကောင်စီ၏ တိုက်လေယာဉ် ပျောက်ဆုံးသွားပြီးနောက် ပျက်ကျသွားသည့်အပျက်အစီးများကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးတွင် တွေ့ရစဉ်။ (Photo - ပေးပို့)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။