သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၃/၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ကားမှတ်တိုင်တစ်ခုတွင် အမျိုးသမီးငယ်များအပါအဝင် လူငယ်အုပ်စုလိုက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
အင်းစိန်မြို့နယ်၊ ပေါက်တောဝ ကားမှတ်တိုင်တွင် ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်က အလုပ်လုပ်ရန်သွားသည့် လူငယ်/လူရွယ် အုပ်စုလိုက်ကို စစ်ကောင်စီတပ်က ကားဖြင့်ခေါ်တင်သွားသည်ဟု မျက်မြင်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"မနက်ပိုင်းဆို အလုပ်သွားဖို့ ဖယ်ရီတို့၊ လိုင်းကားတို့စောင့်ကြတယ်။ ပြီးတော့ တချို့ကတော့ ကျောင်းသွားရင် သွားမှာပေါ့။ ကားစောင့်နေတဲ့သူတွေအကုန်လုံးကို စစ်ကားနဲ့လာပြီး ခေါ်တင်သွားတယ်။ ဘယ်ကိုခေါ်လဲမသိဘူး။ မြင်တာပဲရှိတာ။ ကျနော်တောင် ကြောက်လို့ ပြေးလာရတယ်"ဟု ပြောသည်။
ရန်ကုန်တွင် လတ်တလော စစ်ကောင်စီတပ်က အဖမ်းအဆီးကြမ်းနေပြီး အဓိကအားဖြင့် စက်ရုံအလုပ်သမားများ အများဆုံးနေထိုင်သည့်နေရာများတွင် အရပ်သားအယောင်ဆောင်ကာ စောင့်ကြည့်နေမှုများရှိသည်ဟု လှိုင်သာယာမြို့နယ်မှ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"စစ်ကောင်စီဟာ အများအားဖြင့် လူအရပ်ဝတ်နဲ့ နေတယ်။ အလုပ်သမားတွေနေတဲ့နေရာတွေမှာ စောင့်ကြည့်ခိုင်းထားတယ်။ တစ်ခါတလေ အုပ်စုလိုက် အဖမ်းခံရတယ်။ ဖမ်းဆီးခံရပြီး ပြန်လွတ်တာတော့ သိပ်မတွေ့မိသေးဘူး" ဟု ပြောသည်။
ရန်ကုန်မြို့ရှိ လူနေထူထပ်သည့်နေရာများနှင့် လူသွားလူလာများသည့် ကားမှတ်တိုင်များတွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်ဝတ်ကာ လူငယ်၊ လူရွယ်များအား စောင့်ဆိုင်းဖမ်းဆီးလာနေကြောင်း ရန်ကုန်မြို့ခံများက နိရဉ္စရာကို ပြောသည်။
ရန်ကုန်တွင် စားဝတ်နေရေးကျပ်တည်း၍ အလုပ်လာလုပ်ကြသည့် ရခိုင်အပါအဝင် တိုင်းရင်းသားလူမျိုးများအနေဖြင့် အသွားအလာအနေအထိုင်ဆင်ခြင်ကာ သတိဝိရိယဖြင့်နေထိုင်သင့်ကြောင်း မြို့ခံများက ပြောသည်။
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ စစ်သားဦးရေလျော့နည်းလာသဖြင့် အရွယ်ကောင်းရှိသည့် အမျိုးသား/အမျိုးသမီးများအား ပစ်မှတ်ထားကာ စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီက ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ရန်ကုန် ဆူးလေကုန်းကျော်တံတားအနီးတဝိုက်အား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။