လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၇ /၂၀၂၅
ကရင်ပြည်နယ်၊ မာနယ်ပလောဒေသကို စစ်ကောင်စီထံမှပြန်လည်ရရှိရေး စစ်ဆင်ရေးအကောင်အထည်ဖော်ခဲ့ကြသည့်တပ်မှူးနှစ်ဦးအား ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ယနေ့ ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည်။
ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့လိုက်ရသည့် တပ်မှူးနှစ်ဦးမှာ ဒုတိယဗိုလ်မှူးကြီးစောခင်လေး(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဌာနချုပ်- ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ) နှင့် ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူး (တပ်မဟာ-၇၊ တပ်ရင်း(၂၂) တပ်ရင်းမှူး)တို့ဖြစ်ကြသည်။
အဆိုပါတပ်မှူးနှစ်ဦးသည် KNU ဌာနချုပ်ဟောင်း မာနယ်ပလော၌ နှစ်(၃၀)ကြာ တပ်စွဲထားသော ဗျူဟာစခန်းအဆင့် ပွိုင့်(၉၁၃) အကြမ်းဖက် စစ်ကောင်စီစခန်းကို ပြန်လည်ရရှိရန် စနစ်တကျစီမံ၍ အောင်ပွဲနှင့်အတူ စစ်ဆင်ရေးကို ဦးဆောင်အကောင်အထည်ဖော်ခဲ့ကြသည့်အတွက် ကော်သူးလေရဲစွမ်းသတ္တိဆုကို ပြီးခဲ့သည့် ဇူလိုင်လ (၅) ရက်နေ့တွင်ကျရောက်သည့် ကရင်အမျိုးသားတပ်မတော်နေ့တွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။
အလားတူ မာနယ်ပလောဒေသရရှိရေးစစ်ဆင်ရေးတွင် ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရ စစ်သည်တော်များကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KNU တပ်မဟာ(၇) ဖားအံခရိုင် KNU ဌာနချုပ်ဟောင်းဖြစ်သည့် မာနယ်ပလောဒေသရှိ စစ်ကောင်စီ၏ ပွိုင့် ၉၁၃ နို့ဒေးစခန်း(ခေါ်) ၉၁၃ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ပြောခွင့်ရ သူပဒိုစောတောနီးက နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောဆိုထားခဲ့သည်။
မာနယ်ပလောနယ်မြေတွင် ပွိုင့် ၉၁၃ နို့ဒေးစခန်းအပါအဝင် ကဆောဝါးလေးစခန်း၊ မြောက်ကုန်းစခန်း၊ သဒေါ့ဝါးလေးစခန်း၊ ကယ်ဂေါ်ကျိုးစခန်း၊ ဖူးလောကုန်းစခန်းတို့ကို KNLA ပူးပေါင်းတပ်က ၂၀၂၃ ခုနှစ်မှစတင်ကာ ဖြတ်တောက်တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။
KNU ဌာနချုပ်အထိုင်ချခဲ့သည့် မာနယ်ပလောကို ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး မြန်မာစစ်တပ်က ၁၉၉၂ ခုနှစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ကာ ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလတွင် KNU ထံမှ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - KNU
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။