လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၇ /၂၀၂၅
ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တွင် ချင်းလက်နက်ကိုင်နှစ်ဖွဲ့သည် တိုက်ပွဲပြင်းထန်နေသည့်အတွက် ထောင်နှင့်ချီသည့်ဒေသခံများသည် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးနေရကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ဟွာလ်ငိုးရမ်းဒေသ ချင်းကာကွယ်ရေးတပ် (CDF Hualngoram)နှင့် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)/ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့အကြား ယမန်နေ့ ဇူလိုင် ၆ ရက်မနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အတွက် ထောင်နှင့်ချီသော ဒေသခံများသည် အိန္ဒိယ- မြန်မာ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးနေကြရကြောင်း က နိရဉ္စရာကို ပြောသည်။
“မနေ့က မနက်စောစောကပဲ ပစ်ခတ်နေကြတာ။ လက်နက်ကြီး တွေပါတယ်။ ညနေဘက်မှာ သေနတ်တွေ ခဏရပ်သွားတယ်။ ဇိုခေါ်သာရ်ကျေးရွာက ပြည်သူတွေ ထွက်ပြေးကြတာပေါ့”ဟု ပြောသည်။
တိုက်ခိုက်ပွဲကြောင့် ရိခေါဒါရ်မြို့အပါအဝင် အနီးနားပတ်ဝန်းကျင်ရွာများရှိ ဒေသခံပြည်သူ ၁၀၀၀ ကျော် ကြောက် ရွံ့ထိတ်လန့်လျက် တဖက်ကမ်း မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းလည်း အိန္ဒိယနိုင်ငံ အခြေစိုက် Bengvarna News တွင် ဖော်ပြထားသည်။
ထို့အပြင် ကျည်ဆံအချို့ အိန္ဒိယနိုင်ငံ၊ ဇိုခေါ်သာရ်ကျေးရွာသို့ကျရောက်ခဲ့ပြီး အဆိုပါကျေးရွာသည် မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်အများဆုံးခိုလှုံရာ ကျေးရွာဖြစ်ကြောင်း သိရသည်။
CNO/CNDF တပ်ဖွဲ့သည် ရိခေါဒါရ်မြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုခဲ့ကာ ဇူလိုင် ၅ ရက်နေ့တွင် ရိခေါ်ဒါရ်မြို့၊ အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်(တီအိုချောင်း)တို့ကို အပြီးသတ်သိမ်းပိုက်ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။
ချင်းအမျိုးသားတပ်မတော် (CNA)ကဦးဆောင်ပြီး ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းပူးပေါင်းတပ်များက စစ်ကောင်စီတပ် ဖွဲ့ထံမှ သိမ်းပိုက်ထားသည့် ချင်းပြည်၊ ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့ကို ဖလမ်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် CNO/CNDF တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို CNA ၊ CDF-Hualngoram, Tedim PDA , CDF-Thantlang, CDF-Zanngiatram စသည့် အဖွဲ့ဝင်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ရိခေါဒါရ်မြို့သည် နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာမြို့ဖြစ်သကဲ့သို့ ကမ္ဘာကျော် အသည်းနှလုံးပုံ သဘာဝ “ရိဒ်ရေကန်ကြီး” တည်ရှိရာမြို့လည်းဖြစ်ပြီး စီးပွားရေးနှင့်စစ်ရေး ပထဝီနယ်မြေအနေအထားအရ အချက်အချာ ကျသော နယ်မြေဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
ဓာတ်ပုံ - တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလာကြသည့် ချင်းဒေသခံများ (Photo - Bengvarna News)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။