နိရဉ္စရာ၊ ဇူလိုင် ၆/ ၂၀၂၅
စစ်ကောင်စီက ပြည်ထောင်စု တည်ဆောက်ရာတွင် လက်တွဲရန်ဖိတ်ခေါ်မှုမှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)များ အင်အား ကောင်းလာသည့်အတွက် သပ်လျိုဖြိုခွဲရန် ကြိုးပမ်းသော နည်းပရိယာယ် တစ်ခုသာဖြစ်သည်ဟု ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - PLA ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီက နိရဉ္စရာသတင်းဌာနကို ပြောသည်။
ဇူလိုင် ၅ ရက်နေ့ကစစ်ကောင်စီပိုင်သတင်းစာများမှ PDF အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲရန်စစ်ကောင်စီက ဖိတ်ခေါ်မှု ပတ်သက်ပြီး အမြင်သဘောထားကို မေးမြန်းစဉ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - PLA ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ တော်လှန်ရေးအင်အားစုတွေကို သပ်လျိုဖြိုခွဲဖို့သူတို့ရဲ့နည်းပရိယာယ်တစ်ခုနဲ့လုပ်တယ်လို့မြင်တယ်။ စိတ်စေနာ မှန်မှန်နဲ့လုပ်တာလို့ မမြင်ဘူး။ဒီလိုပဲနိုင်ငံရေးအချိုးအကွေ့တိုင်းမှာစစ်အုပ်စုကအင်အားကြီးတဲ့ အဖွဲ့တွေကိုငြိမ်းချမ်းရေးခေါ်တာရှိတယ်။ဒါပေမယ့်တနိုင်ငံလုံး ငြိမ်းချမ်းအောင် လုပ်တာမျိုးမဟုတ်ပဲနဲ့သူတို့အသက်ရှူရှောင်အောင်လုပ်ခဲ့တာ။တဖက်အင်အားစုတွေကို ပြိုကွဲအောင် လုပ်ခဲ့တဲ့နည်းပဲ” ဟု ရဲဘော်နီနီက ပြောသည်။
စစ်ကောင်စီ၏ဖိတ်ခေါ်ချက်ထဲတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ကြောင်း၊ မိမိတို့၏ ယုံကြည်ချက်နှင့် ခံယူချက်များအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန်းချက်မှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်းဖော်ပြထားသည်။
ယင်းအပြင်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဆီသို့ လျှောက်လှမ်းရန် တံခါးဝကြီးမှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ပင်ဖြစ်ကြောင်း၊ ထိုသို့သောအခြေအနေမျိုးတွင် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်း နေမည်ဆိုပါက နိုင်ငံတော်အတွက်အကျိုးရှိမည်မဟုတ်ဘဲ ဒီမိုကရေစီနောက်ပြန် သွားနေသကဲ့သို့သာ ဖြစ်နေမည်ဖြစ်ကြောင်း စသဖြင့်လည်း ဖော်ပြထားသည်။
ရဲဘော်နီနီက “ အခုလက်ရှိမှာPDF တွေလက်လက်လူအင်အားတောင့်တင်းလာတာကိုဖြိုခွဲချင်လို့ပူးပေါင်းဖို့ဆိုပြီးခေါ်တာပါ။ သူတကယ်ခေါ်ချင်တယ်ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ထိုးစစ်တွေ ရပ်ပစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရမယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဘာမှမဆိုင်တဲ့အဆောက်အအုံတွေ၊ အရပ်သားတွေကိုဗုံးကြဲတာတွေကို ရပ်ပစ်ရမယ်။ အဲ့လိုလည်းမရပ်ဘဲဒီဘက်က ငြိမ်းချမ်းရေးခေါ်၊ ဟိုဘက်ကဗုံးကြဲနေတာ။ လူထုကိုညာနေတာပါ။ သူတို့ ငြိမ်းချမ်းရေး ခေါ်တာကနိုင်ငံတကာကို ပြရကောင်းအောင်လုပ်တာ။ ညာတာ။ အတုအရောင်ပါဘဲ။ ယုံကြည်စရာ မရှိဘူးလို့မြင်ပါတယ်” ဟု ပြောဆိုသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်သည် CRPH နှင့် NUG တို့၏ ဝါဒမှိုင်းတိုက်မှုကြောင့်
လမ်းစပျောက်သွားရန်မလိုဘဲ မိမိတို့၏ယုံကြည်ချက်၊ မိမိတို့၏ မျှော်မှန်းချက်လမ်းကြောင်းပေါ် ရောက်ရှိရေး ဆက်လက်လျှောက်လှမ်းရမည်သာဖြစ်သည်ဟုစစ်ကောင်စီ၏ ကမ်းလှမ်းချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကျင်းပပြီး၍ လွှတ်တော်နှင့် အစိုးရများပေါ်ပေါက်လာလျှင် ၎င်းတို့သာ ရွေးကောက်ခံအစိုးရဟူသည့် ရပ်တည်မှုပျောက် ဆုံးမည်ကိုစိုးရိမ်နေသည့် CRPH နှင့် NUG တို့၏လုပ်ဆောင်မှုများသည် မိမိတို့၏ မျှော်မှန်း ချက်များနှင့်ဆန့်ကျင်နေပါက မှန်ကန်သည့်လမ်းကြောင်းကို ပြောင်း၍လျှောက်လှမ်းရမည်သာ ဖြစ်သည်။
လက်နက်ကိုင်လမ်းစဉ်ကြောင့် လူငယ်၊ လူရွယ်အများအပြား အသက်ဆုံးရှုံးကြရပြီး မျှော်မှန်းတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုကြီးအတွက် လူစွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။
လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းရန်ကြိုးပမ်းမှုသည် နှစ်ပေါင်း ၇၀ ကျော်ကြာ သော်လည်း မည်သည့်ရလဒ်မျှ မထွက်သည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ သည်ကို သင်ခန်းစာယူကာ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ကြောင့်လည်းကောင်း၊ မိမိတို့၏ လက်နက် ကိုင်လမ်းစဉ်တွင် ပါဝင်နေမှုကြောင့်လည်းကောင်း မိမိတို့၏ မိဘညီအစ်ကိုမောင်နှမများနှင့် ဆွေမျိုးသားချင်းတို့သည် လူမှုစီးပွားဘဝများထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရသည်ကို ထောက်ထား၍ဖြစ်စေ၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထား၍ဖြစ်စေ ရွေးကောက်ပွဲလမ်းကြောင်းကို အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းဖြင့် မျှော်မှန်းသည့် ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်ကြောင်းဖော်ပြထားသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ရေးတို့သည် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်းဆွေနွေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်ဟုဆိုသည်။
စစ်ကောင်စီ၏ကမ်းလှမ်းချက် နိဂုံးတွင် နိုင်ငံတော် အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆို လက်ခံမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆန္ဒရှိပါက နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။