Preview

ဖားကန့်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ KIA နှင့် တိုက်ပွဲဆက်ဖြစ်နေ

သဉ္ဇာနွယ် | ဇူလိုင် ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :2160
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၅

ကချင်ပြည်၊ ဖားကန့်မြို့တွင် ကျောက်စိမ်းလုပ်ကွက်ရှိသည့်နေရာများကို စစ်ကောင်စီတပ်က အဓိကထား စစ်ကြောင်းထိုးနေရာယူနေသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့အနီးရှိ ကျောက်စိမ်းလုပ်ကွက်များရှိသည့် မော်မောင်လျင်းရွာတာဝါတိုင်ကုန်းကို ဖားကန့်မြို့ပေါ် တပ်မကုန်းမှ စစ်ကောင်စီတပ်သား ၅၀ ခန့်သည် ဇူလိုင် ၅ ရက်နေ့က စစ်ကြောင်းထိုးပြီး အခြေကုပ်ယူနေသဖြင့် KIA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကချင်ဒေသခံစစ်‌ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"တပ်မကုန်းကဆင်းလာရင် ကြားမှာ ကုလားချောင်းရှိတယ်။ ပြီးရင် ဒီမော်မောင်လျန်းရွာကိုရောက်တယ်။ ပြီးတော့ ဒီရွာရဲ့တာဝါတိုင်းကုန်းမှာအခြေချလို့ KIA နဲ့ တိုက်ပွဲဖြစ်တယ်။ မနေ့ကလည်းဖြစ်၊ ဒီနေ့လည်းဖြစ်တယ်။ ဖားကန့်မှာက အကုန်လုံးကျောက်စိမ်းလုပ်ကွက်တွေပဲ။ မော်မောင်လျန်းရွာနားမှာဆို လှမောင်ကုန်းနဲ့ မော်မောင်ကုန်းဆိုပြီး နာမည်ကြီးလုပ်ကွက်ရှိတယ်။ အဲဒီရွာအနီးတခြားရွာတွေမှာလည်း ရှိတယ်" ဟု ပြောသည်။

တိုက်ပွဲဖြစ်နေသည့်နေရာကုန်းကို တပ်မကုန်း(ခ)ဗျူဟာကုန်းမှ လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်နေသဖြင့် မော်မောင်လျန်းအပါအဝင် တောင်ပြို၊ ဖလခရွာ၊ မြောက်ဖြူရွာ စသည့် ကျေးရွာများမှဒေသခံများ တိမ်းရှောင်နေရကြောင်း ဖားကန့်ရောက် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

"ဖားကန့်က နေရာတော်တော်များများကို စစ်ကောင်စီပြန်လို့နေရာယူတယ်။ အရင်က KIA ရထားတဲ့နေရာတွေကိုလည်း သူတို့ပြန်ပြီးစစ်ကြောင်းထိုးတယ်။ အခုလုပ်စားစရာနေရာလည်း မရှိ။ ပြေးနေရတယ်။ မထင်ရင်မထင်သလို စစ်ကောင်စီက ပစ်သတ်သေးတယ်" ဟု ပြောသည်။

ယင်းအပြင် ကချင်ပြည်၊ တနိုင်းမြို့မှ စစ်ကောင်စီအင်အား (၁၀၀)ကျော်သည် ဖားကန့်- နန့်ယား- ကာမိုင်းလမ်းအတိုင်း ဖားကန့်မြို့သို့စစ်ကြောင်းတက်လာပြီး အဆိုပါစစ်ကြောင်းမှာ နန့်ယားကျေးရွာအနီးတွင် KIA ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရသဖြင့် တိုက်ပွဲဖြစ်နေသည်ဟု မြေပြင်ဒေသခံတစ်ဦးက ပြောသည်။

"တနိုင်းဖက်ကနေ စစ်ကြောင်းလာတယ်။ ဖားကန့်မြို့ကို နန့်ယားအနားမှာ ဖြတ်တိုက်ခံရလို့ အဲဒီမှာလည်း တိုက်ပွဲက နှစ်ရက်လောက်ဆက်တိုက်ဖြစ်နေတယ်။ လေကြောင်းကနေလည်း ပစ်တယ်" ဟု ပြောသည်။

ယင်းအပြင် ဖားကန့်မြို့နယ်၊ မဆွတ်ဘွမ် (ခေါ်) အမှိုက်ပုံကျေးရွာတွင်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲထားပြီး KIA နှင့် အပြန်အလှန် လက်နက်ကြီး၊ ဒရုန်းများပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၃)ရက်နေ့က မဆွတ်ဘွမ့် (ခေါ်) အမှိုက်ပုံကျေးရွာကို ဒရုန်းလက်နက်ထိမှန်၍ အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - KIA တပ်သားအချို့အားတွေ့ရစဉ်။ (ပုံဟောင်း)

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.