လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၈ /၂၀၂၅
အပတ်စဉ်(၂) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သော မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)ကို အထူးကျေးဇူးတင်ကြောင်း ချင်းကာကွယ်ရေးတပ် Chin Defence Force - Kanpetlet တပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။
အလားတူ ပြည်တွင်းပြည်ပသို့ ရောက်ရှိနေကြသော ထောက်ပို့ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း CDF- ကန်ပက်လက်၏ ဇူလိုင်လ (၈) ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“Chin Defence Force - Kanpetlet တပ်ဖွဲ့၏ အပတ်စဉ်(၂) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သော မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA) နှင့် ပြည်တွင်းပြည်ပသို့ ရောက်ရှိနေကြသော Chin Defence Force - Kanpetlet ၏ ထောက်ပို့ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရည်ရွယ်ချက်များအား အကောင်အထည်ဖော်နိုင်ရန်အတွက် (၄) လကျော်ကြာမြင့်သော Chin Defence Force - Kanpetlet အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂)ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်/ရဲမေများ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားကိုလည်း ကျင်းပပြီးစီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်အထက် လူငယ်မောင်မယ်များအားလုံး အမျိုးသားရေးတာဝန်များကို ရှောင်လွှဲခြင်းမပြုရန်နှင့် Chin Defense Force - Kanpelet တပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) တွင် အမျိုးသားရေးတာဝန်သိစိတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်တက်ရောက်ပေးကြရန် အထူးဖိတ်ခေါ်ထားသည်။
Chin Defence Force - Kanpetlet အနေဖြင့် ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိရုံသာမက ချင်းပြည်အတွင်းရှိ ပြည်သူတစ်ရပ်လုံးကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးသည့် ပြည်သူ့အချစ်တော်တပ်နှင့် စစ်သည်တော်ကောင်းများဖြစ်လာစေရန်၊ စစ်စည်းကမ်းပြည့်ဝသည့် ပြည်သူ့စစ်သားကောင်းများပေါ်ပေါက်လာစေရန်နှင့် အိမ်နီးချင်း မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး စစ်မှန်သောလွတ်မြောက်ခြင်းရရှိသည်အထိ ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
Chin Defence Force - Kanpetlet တပ်ဖွဲ့သည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထု၏ အားပေးထောက်ခံမှု၊ ယုံကြည်မှုတို့နှင့်အတူ မွေးဖွားလာသော ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့အား အပြည့်အဝ ကိုယ်စားပြုသောတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်ဟု ဆိုသည်။
ဓာတ်ပုံ - Chin Defence Force – Kanpetlet
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။