နိရဥ္ဇရာ၊ဇူလိုင်၉ /၂၀၂၅
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လကိုတရုတ်ကဖမ်းဆီးထားသည် ဆိုသောသတင်းမှာမှန်ကန်မှုမရှိပဲ KIO ကို တိုက်ခိုက်ခြင်းသာဖြစ်ကြောင်းKIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးကနိရဥ္ဇရာကိုအတည်ပြုပြောကြားသည်။
KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လကို ဗန်းမော်တိုက်ပွဲနှင့် ပတ်သက်ပြီး တရုတ်အစိုးရကအကျယ်ချုပ်ထိန်းသိမ်းထားသည်ဆိုသောသတင်းများ ယနေ့နံနက်ပိုင်းတွင်လူမှုကွန်ရက်မှတစ်ဆင့်ပျံ့နှံ့လျက်ရှိရာ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး များမကြာမီ အချိန်ပိုင်းအတွင်း ဗိုလ်မှူးကြီးနော်ဘူအား နိရဉ္စရာက ဆက်သွယ် မေးမြန်းစဉ် ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
” ကျွန်တော်တို့အဲဒီ သတင်းမကြားဘူး။ ဒါကြေင့် သတင်းမှန်ကန်မှုမရှိဘူး။ ကျန်းမာရေးစစ်ဆေးဖို့သွားတာတော့ မှန်ပါတယ်။ တခြားပတ်သက်တာတော့ မဟုတ်ဘူးနော်။ ကျွန်တော်တို့KIO/KIA ကို မီဒီယာတွေကတဆင့်အတိုက်အခိုက်လုပ်နေတဲ့သူတွေကိုတွေ့ရတယ်၊အဲ့သတင်း မှန်ကန်မှုမရှိဘူး။တိုက်ခိုက်တဲ့သဘောမျိုးလုပ်နေတာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်အခြေစိုက်စစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်၊သိမ်းပိုက်နေသောကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ထိုးစစ်အားလုံးရပ်တန့်ရေးဖိအားပေးသည့်အနေဖြင့်တရုတ်အစိုးရကအသက်၈၀ကျော်အရွယ်ဗိုလ်ချုပ်ကြီးအင်ဘန်လကိုအကျယ်ချုပ်ထိန်းသိမ်းထားသည်ဟုသတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်အစိုးရကKIO ထိပ်သီးခေါင်းဆောင်ဗိုလ်ချုပ်ကြီးအင်ဘန်လကိုတရုတ်နိုင်ငံတွင်အစည်းအဝေးခေါ် ယူ တွေ့ဆုံးပြီးနောက်ကိုးကန့်တပ်ခေါင်းဆောင်ဖုန်တာရွှင်ကဲ့သို့ပြန်မလွတ်တော့ဘဲထိန်းသိမ်းထားသည်ဟုဒေသတွင်းအခြေစိုက်The Kachin Sub-State Media ကယနေ့ရေးသားထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့မှပြန်လည်ဆုတ်ခွာရန်ငြင်းဆန်ခဲ့သည့်ကိုးကန့်တပ်ခေါင်းဆောင်ဖုန်တာရွှင်ကိုလည်းပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင်တရုတ်အစိုးရကမြန်မာနိုင်ငံဘက်ပြန်ခွင့်မပေးတော့ဘဲအကျယ်ချုပ်ချကာဖိအားပေးခဲ့ဖူးသည်။