Preview

နိုင်/ကျဉ်းဟောင်း ရွှေညဝါဆရာတော်နှင့် စာရေးဆရာ မောင်သာချို တစ်နေ့တည်းတွင် ကွယ်လွန်

လူထက်နိုင် | ဇူလိုင် ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :1489
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၀ /၂၀၂၅

နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ရွှေညဝါဆရာတော် အရှင်ပညာသီဟနှင့် စာရေးဆရာမောင်သာချိုတို့သည် ယနေ့တစ်နေ့တည်းတွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

ရွှေညဝါဆရာတော် အရှင်ပညာသီဟသည် ယနေ့ ဇူလိုင်လ ၁ဝ ရက်၊ ညဉ့် ၂ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံ၌ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။

ပျံလွန်တော်မူချိန်တွင် သက်တော် ၆ဝ နှစ်ရှိပြီဖြစ်သည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်နာယကဆရာတော်ဖြစ်သော ရွှေညဝါဆရာ အရှင်ပညာသီဟသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထောင်မှလွတ်မြောက်ခဲ့ပြီးနောက် အသည်းရောဂါဝေဒနာကို အပြင်းအထန်ခံစားရပြီးနောက် ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း သူ့၏ဒကာအချို့ထံမှ သိရသည်။

ဆရာတော်၏ ရုပ်ကလပ်တော်ကို ဆရာတော်သီတင်းသုံးခဲ့ရာ မှော်ဘီမြို့ရှိ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်သို့ ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ပင့်ဆောင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က ဆရာတော်ကို ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အင်းစိန်ထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရွှေညဝါဆရာတော်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ဒေါက်တာမျိုးညွန့်တို့နှင့်အတူ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ဆရာတော်သည် ၂၀၀၄ ခုနှစ်မှစကာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး ဗုဒ္ဓစာပေများကို ခေတ်နှင့်အညီ သင်ကြားပို့ချပေးခဲ့သည့်ဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်သည် အစိုးရ ဓမ္မစရိယ၊ ပါရဇိကဏ်ကျမ်းစွဲအောင်မြင်ခဲ့သလို အမျိုးသားဓမ္မာစရိယ စာမေးပွဲတွင် သာသနာပါလဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။

ဆရာတော်သည် စစ်အာဏာရှင်စနစ်ကို ဓမ္မဖြင့် တော်လှန်ခဲ့သည့် ဆရာတော်တစ်ပါးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ရဟန်းတော်တစ်ပါးလည်းဖြစ်သည်။

ဆရာတော်ကျောင်းထိုင်သည့် သာဓုကျောင်းတိုက်တွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၊ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရခြင်း နှစ် ၂၀ ပြည့်အခမ်းအနား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အခြား နိုင်ငံရေးဆိုင်ရာပွဲများ၊ အလှူအတန်းပွဲများကို ဆရာတော်က ပြုလုပ်ခွင့် ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အတွင်း ထင်ရှားသည့် လူမှုရေးလုပ်ငန်း လုပ်ဆောင်သူများနှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထိ တစ်နှစ် တရားမဟောရန် ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့၏ ပိတ်ပင်ခြင်းကို ခံခဲ့ရသည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော်သည် မန္တလေးတိုင်း NLD ရုံး ဆွမ်းကပ်လှူပွဲ၌ “ပင်ဝါးရုံ”ဆိုသော ဩဝါဒကိုပေးခဲ့ခြင်းကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်အား ၂၀၁၁-ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ဆန္ဒအတိုင်း ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ်ထိုးပေးခဲ့ရသည်။

၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ မြန်မာများအား ဗုဒ္ဓဘာသာ ဝံသာနုအမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ဟောပြောခဲ့သည်။

blob

အလားတူ မြန်မာ့စာပေလောကတွင် ထင်ရှားကျော်ကြားသော စာရေးဆရာ မောင်သာချိုသည်လည်း ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

ဆီးကျိတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိနေပြီဖြစ်ကြောင်း သိရသည်။

စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး အမည်အရင်းမှာ ဦးညွန့်သောင်းဖြစ်သည်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စာရေးဆရာ မောင်သာချိုကို စစ်တပ်က ဖမ်း ဆီးခဲ့ပြီး စစ်အာဏာမသိမ်းမီ ရေးသားခဲ့သော ဆောင်းပါးများက နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က)ဖြင့် စစ်တပ်က အမှုဖွင့်တရားစွဲခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စာရေးဆရာ မောင်သာချိုကို စစ်တပ်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စာရေးဆရာ မောင်သာချိုသည် ရွှေညဝါဆရာတော်နှင့်အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အင်းစိန်ထောင်မှ တစ်ချိန်တည်း တစ်ရက်တည်း လွတ်မြောက်ခဲ့သလို ကွယ်လွန်သည့်နေ့သည်လည်း အတူတူပင်ဖြစ်သည်။

စာရေးဆရာ မောင်သာချိုသည် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွကျေးရွာတွင် အဖ ဦးဝင်းသိန်း၊ အမိ တို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ 'ခေတ်သစ် မေတ္တာ' ကဗျာဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာ တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန်တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ်၊ ပညာရေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြ၊ ကထိကနှင့် ပါမောက္ခရာထူးများကို အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.