နိရဉ္စရာ၊ ဇူလိုင် ၁၀/ ၂၀၂၅
ARSA အကြမ်းဖက်ခေါင်းဆောင် အာတာအူလ္လာအား ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ကျူးလွန်ထားသည့် လူသတ်မှု ၄ ခုအတွက် နောက်ထပ် ရမန် ၃ ရက်ကို ရဲက တောင်းခံရာ ကော့စ်ဘဇား ခရိုင်တရားရုံးက ခွင့်ပြုပေးလိုက်သည်ဟု သတင်းရရှိသည်။၂၀၂၀ ခုနှစ်အတွင်းက ဒုက္ခသည်စခန်းတွင် လူသတ်မှု ၄ ခုနှင့် ပတ်သက်ပြီး အာတာအူလ္လာအား ဖမ်း၀ရမ်းထုတ်ထားခဲ့ပြီး ရမန်ယူပြီး အဆိုပါအမှုအား ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က ရမန် (၇) ရက် တောင်းခံခဲ့ရာ ကော့စ်ဘဇားတရားရုံးမှ တရားသူကြီး Asaf Uddin Asif က (၃) ရက်သာ ခွင့်ပြုပေးခဲ့သည်။
“ ဒီကိစ္စကို တရားရုံးကရမန် ၃ ရက် အတည်ပြုပါတယ်။ အာတာအူလ္လာ ဂျူနုနီကို စိတ်လှုပ်ရှားစရာကောင်းတဲ့ လူသတ်မှု လေးခုမှာ စွပ်စွဲခံရသူပါ။ဒီအမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးရဲအရာရှိက သူ့ကိုစစ်ဆေးမေးမြန်းဖို့ ရမန်ခုနစ်ရက် လျှောက်ထားခဲ့ပါတယ်။ တရားရုံးက သုံးရက်ပေးဖို့ အမိန့်ချလိုက်ပါတယ်"ဟု တရားရုံးစစ်ဆေးရေးမှူး Md. Golam Jilani ကပြောသည်။
ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် အာတာအူလ္လာအား လုံခြုံရေးတင်းကျပ်ပြီး တရားရုံးကို ခေါ်ဆောင်ခဲ့ကြောင်း၊ကြားနာစစ်ဆေးအပြီးတွင်၎င်းအားကော့စ်ဘဇားအကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်ဟု Golam Jilani က ပြောသည်။
တရားရုံးသတင်းရင်းမြစ်များအရ ၂၀၂၀ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင်အိုးကီးယားမြို့နယ် ရခိုင်မြောက်ပိုင်းမှထွက်ပြေးလာကြသည့် မွတ်ဆလင် ဒုက္ခသည်များ နေထိုင်ရာ ကူတူပါလောင်ဒုက္ခသည် စခန်းတွင် လက်နက်ကိုင်အဖွဲ့ နှစ်ခုအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
အတာအူလ္လာသည် ယင်းလူသတ်မှုတွင် တရားစွဲခံထားရသူဖြစ်သည်။ အဆိုပါအမှုကို ရဲတပ်ဖွဲ့က မှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CID) မှ စုံစမ်းစစ်ဆေးလျက်ရှိသည်။
ယခုနှစ် မတ်လ ၁၈ ရက် ညအစောပိုင်းတွင် RAB သည် Narayanganj ၏ Siddhirganj နှင့် Mymensingh မြို့ Notunbazar ဧရိယာများကို ဝင်ရောက်စီးနင်းခဲ့ပြီးအာတာအူလ္လာအပါအဝင် ARSA အဖွဲ့ဝင် ခြောက်ဦးကို ဖမ်းဆီးခဲ့သည်ဟုသိရသည်။ သတင်းနှင့် ဓာတ်ပုံ- အိုကီးယားနယူးစ်